အခြေခံစားကုန်ကလွဲပြီး ကျန်ပစ္စည်းဆိုင်များ ထပ်ပိတ်ထားရန် မွန်ပြည်နယ်အစိုးရ ညွှန်ကြား
DVB
·
May 1, 2020
မွန်ပြည်နယ်အတွင်းရှိ စည်ပင်သာယာစျေးတွေနဲ့ ပျံကျစျေးတွေမှာ အခြေခံ စားသောက်ကုန်ကလွဲပြီး ကျန်ပစ္စည်းဆိုင်တွေကို မေ ၁၅ ရက်နေ့အထိ ပိတ်သိမ်းထားဖို့ ထပ်မံညွှန်ကြားထားတယ်လို့ မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ပြောပါတယ်။
ဒီညွှန်ကြားချက်ကိုတော့ သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့အစည်းတွေနဲ့ စည်ပင်သာယာရေး အဖွဲ့တွေကို ဧပြီ ၃၀ ရက်နေ့က ပေးပို့ထားပါတယ်။
ပေးပို့လိုက်တဲ့ ညွှန်ကြားချက်စာမှာတော့ အခြေခံစားသောက်ကုန်ပစ္စည်းတွေ ဖြစ်တဲ့ အသား၊ ငါး၊ ဟင်းသီးဟင်းရွက်နဲ့ စားသောက်ကုန်အပါအဝင် ဆေးဝါးပစ္စည်းဆိုင်တွေကိုသာ ရောင်းချခွင့်ပေးဖို့ ညွှန်ကြားထားတာပါ။
ဒါအပြင် စျေးတွေမှာ အရေးတကြီး မလိုအပ်တဲ့ အဝတ်အထည်၊ အလှကုန်ပစ္စည်း၊ ရွှေဆိုင်တွေအပါအဝင် လတ်တလော မလိုအပ်တဲ့ ကုန်ပစ္စည်းဆိုင်တွေကို ထပ်ပိတ်သိမ်းထားဖို့ ညွှန်ကြားထားပါတယ်။
ရောင်းချခွင့် မပေးထားတဲ့ ကုန်ပစ္စည်းဆိုင်တွေအနေနဲ့ ညွှန်ကြားချက် မလိုက်နာရင် ပိတ်သိမ်းတဲ့အထိ အရေးသွားမယ်လို့ မွန်ပြည်နယ် စည်ပင်သာယာရေးအဖွဲ့ တွဲဖက်ညွှန်ကြားရေးမှူး ဦးတင်ကိုကိုက ပြောပါတယ်။