မတ္တရာမြို့နယ်တွင် Quarantine လက်မခံဘဲ ရမ်းကားပြောဆိုသူ ၂ ဦးကို ထောင် ၆ လချ
DVB
·
April 30, 2020
မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်အတွင်းက စကျင်ကျေးရွာမှာ ပြည်ပက ပြန်လာသူတွေကို ကန့်သတ်နေထိုင်ဖို့ စီစဉ်တာကို လက်မခံပဲ ရမ်းကားခဲ့တဲ့ အမျိုးသား နှစ်ဦးကို သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဆိုင်ရာ ဥပဒေအရ အလုပ်နဲ့ ထောင်ဒဏ် ခြောက်လစီ ချမှတ်ခဲ့တယ်လို့ မတ္တရာမြို့နယ် တရားရုံးကနေ သိရပါတယ်။
တရုတ်နိုင်ငံက ပြန်လာသူတွေကို မိမိအိမ်မှာပဲ နေထိုင်ကြဖို့ ဆောင်ရွက်နေစဉ် မတ်လ ၂၉ ရက်နေ့မှာ အဆိုပါ ကျေးရွာသားနှစ်ဦးက ကန့်သတ်စခန်းဖွင့်လှစ်ထားတဲ့ စာသင်ကျောင်းမှာ ထားတာကို မနေနိုင်ကြောင်းနဲ့ ရမ်းကားတဲ့အပြုအမူတွေ ပြောဆိုခဲ့လို့ အရေးယူခံရတာ ဖြစ်ပါတယ်။
အဲ့ဒီအတွက် စကျင်ကျေးရွာ အုပ်ချုပ်ရေးမှူးက တရားလိုပြုလုပ်ကာအမှု ဖွင့်လှစ်ခဲ့တာ ဖြစ်ပြီး ဧပြီ ၂၈ ရက်မှာ မတ္တရာမြို့နယ် တရားရုံးက သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၂၆ အရ အလုပ်နဲ့ ထောင်ဒဏ် ၆ လစီ ကျခံစေဖို့ အမိန့်ချမှတ်ခဲ့ပါတယ်။
သတင်း- ထိန်ထိန်လင်း