COVID-19 ရောဂါဖြင့် သေဆုံးသွားသည့် လူနာအမှတ် Case -110 ကို သင်္ဂြိုဟ်
DVB
·
April 29, 2020
တောင်ဥက္ကလာပအထူးကုဆေးရုံမှာ ဆေးကုသမှုခံယူနေရာကနေ ဒီနေ့မနက် ၁၁ နာရီ ၁၅ မိနစ်မှာသေဆုံးသွားခဲ့တဲ့ COVID-19 အတည်ပြုလူနာ Case -110 ကိုဒီနေ့မှာဘဲ ထိန်ပင်သုဿန်မှာ သင်္ဂြိုဟ်မယ်လို့ တောင်ဥက္ကလာပမြို့နယ်က တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမိုးမြင့်က ဒီဗွီဘီကို ပြောပါတယ်။
အသက် ၆၃ နှစ်အရွယ် Case-110 အမျိုးသားဟာ ဗိုလ်တထောင်မြို့နယ်မှာ နေထိုင်သူ ဖြစ်ပြီး ပြည်ပခရီးသွားရာဇဝင်မရှိဘဲ အတည်ပြုလူနာတွေနဲ့ ထိတွေ့မှုရှိခဲ့ရာက ရောဂါ ကူးစက်ခံခဲ့ရတာပါ။
သူ သေဆုံးရတဲ့ အကြောင်းအရင်းမှာ ပြင်းထန်အဆုတ်ရောင်ရောဂါကြောင့် ရုတ်တရက် အသက်ရှူလမ်းကြောင်း ပျက်စီးတာ၊ အသက်ရှူလမ်းကြောင်းအတွင်း ဘက်တီးရီးယားပိုး ဝင်ရောက်တာနဲ့ ရုတ်တရက် ကျောက်ကပ်ပျက်စီးတာတို့ကြောင့် ဖြစ်တယ်လို့ ကျန်းမာရေးဌာန ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
သူ့မှာ ရောဂါပိုးရှိနေတာကြောင့် ဒီနေ့ မွန်းလွဲပိုင်းမှာ ချက်ချင်းသင်္ဂြိုဟ်တာဖြစ်ပြီး မိသားစုဝင်တွေကိုလည်း အကြောင်းကြားထားတယ်လို့ လွှတ်တော်ကိုယ်စားလှယ် ဦးမိုးမြင့်က ပြောပါတယ်။