တောင်ကြီးမြို့ စဝ်စံထွန်းဆေးရုံတွင် စောင့်ကြည့်လူနာ ၁ ဦးသေဆုံး
DVB
·
April 28, 2020
ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ရှိ စဝ်စံထွန်းဆေးရုံမှာ ဧပြီ ၂၈ ရက်က စောင့်ကြည့်လူနာ အမျိုးသမီး ၁ ဦး သေဆုံးသွားတယ်လို့ စဝ်စံထွန်းဆေးရုံမှ ဒေါက်တာဝေဝေမွန်က ပြောပါတယ်။
အဲဒီလူနာဟာ ရပ်စောက်မြို့နယ် အင်တောဘက်ကနေ ရင်ဘတ်အောင့် ချောင်းဆိုး၊ စတဲ့ရောဂါနဲ့ရောက်လာတာဖြစ်ပြီး ဆေးရုံမှာ စောင့်ကြည့် လူနာအဖြစ်ထားရှိ ကုသမှုပေးနေရာက ကွယ်လွန်သွားတာ ဖြစ်ပါတယ်။
စဝ်စံထွန်းဆေးရုံမှ ဒေါက်တာဝေဝေမွန်က“ဆေးရုံကိုရောက်တာက ၂၃ ရက်နေ့ ည ၁၁ နာရီခွဲပေါ့၊ သူရောက်လာတုန်းကတော့ ရင်ဘတ်အောင့်တယ်ပေါ့နော်။ နောက်အန်တယ်။ နောက်ပြီးတော့ သူနဲ့သက်ဆိုင်တဲ့ဆ ရာဝန်ကြီးတွေကြည့်ပြီးတဲ့အခါကျမှ ဒါကတော့ကုသပိုင်းတော့ ပေးထားတာပေါ့နော်။ သွေးစစ်ထားတာရှိတယ်၊ COVID-19ကိုစစ်ထားတယ်။ ဒါပေမဲ့ အဖြေက အစ်မတို့မရသေးဘူး”လို့ ပြောပါတယ်။
အဲဒီစောင့်ကြည့်လူနာအမျိုးသမီးဟာ ပြည်ပသို့ခရီးသွားထားတဲ့ ရာဇဝင်မရှိပေမဲ့ မတ်လ ၅ ရက်က ထိုင်းနိုင်ငံကပြန်လာတဲ့ သားဖြစ်သူနဲ့ ထိတွေ့မှုတွေရှိခဲ့လို့ COVID-19 စောင့်ကြည့်လူနာ အဖြစ် သတ်မှတ်ကာ ဆေးကုသမှုခံယူနေတာပါ။
သေဆုံးသွားတဲ့ စောင့်ကြည့်လူနာအမျိုးသမီးရဲ့ ရုပ်အလောင်းကို ဧပြီ ၂၈ ရက်မှာပဲ ဆေးရုံက ဝန်ထမ်းတွေက မီးသင်္ဂြိုဟ်လိုက်ပါတယ်။
စဝ်စံထွန်းဆေးရုံမှာ COVID-19 အတည်ပြုလူနာ ၂ ဦးရှိပြီး လူနာ အမှတ် ၂၉ တစ်ဦးကတော့ သုံးကြိမ်စစ်ဆေးရာမှာ ရောဂါပိုးမတွေ့တဲ့အတွက် ဧပြီ ၂၇ ရက်က ဆေးရုံကနေ ဆင်းခွင့်ပေးပြီး Hotel Quarantine ထားရှိလိုက်ပါတယ်။
လက်ရှိ စဝ်စံထွန်း ဆေးရုံမှာ အတည်ပြုလူနာ ၁၂၁ ဦးနဲ့ စောင့်ကြည့် လူနာ ၅ ဦး၊ သံသယလူနာ ၂ ဦးတို့ ဆေးကုသမှုခံယူနေပါတယ်။
သတင်း- ခွန်ရာဇာ