Home
မြန်မာသတင်း
စစ်ကိုင်းတိုင်းက စိစစ်ပြီး စက်ရုံ ၄၃ ရုံကို လုပ်ငန်းပြန်လည် လည်ပတ်ခွင့်ပြု
Aung Ko Latt
·
April 28, 2020
94613539_1306105816261077_2382839536469147648_o
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ကျန်းမာရေးဌာနအပါအဝင် သက်ဆိုင်ရာက စစ်ဆေးပြီးသွားတဲ့ စက်ရုံ အလုပ်ရုံ ၄၃ ရုံကို တိုင်းအစိုးရကနေ ပြန်လည် လည်ပတ်လုပ်ကိုင်ခွင့်ပြုပေးလိုက်ပါတယ်။  COVID-19 ရောဂါပျံ့နှံ့မှုကို ကာကွယ်ဖို့ စက်ရုံ၊ အလုပ်ရုံတွေကို နိုင်ငံတော်ကနေ ယာယီရပ်နားထားဖို့ ညွှန်ကြားထားပြီး စားသောက်ကုန်ထုတ်လုပ်ငန်း၊ ဆေးဝါးလုပ်ငန်း စတဲ့ တချို့စက်ရုံ၊ အလုပ်ရုံတွေကတော့ လည်ပတ်နေဖို့လိုအပ်တာကြောင့် တိုင်းနဲ့ ပြည်နယ်အားလုံးက စက်ရုံအလုပ်ရုံတချို့ကို စစ်ဆေးနေပြီး  တချို့ကိုတော့ ပြန်လည်ခွင့်ပြုပေးနေတာပါ။  စစ်ကိုင်းတိုင်းအတွင်းက ခွင့်ပြုပေးလိုက်တဲ့ အလုပ်ရုံ၊ စက်ရုံတွေထဲမှာ ရေသန့်စက်ရုံ၊ ခေါက်ဆွဲ၊ မုန့်ဟင်းခါးခြောက်စက်ရုံ၊ မွေးမြူရေးအစာကြိမ်ရုံ၊ သစ်နှင့် သစ်အခြေစက်ရုံ၊ မိုးကြိုးဆာလဖျုရစ် အက်စစ်စက်ရုံ၊ ချည်မျှင်အထည်စက်ရုံ၊ စက္ကူတစ်ရှုးစက်ရုံ၊ ဖိနပ်စက်ရုံ၊ ကြက်သားဖောက်စက်ရုံ၊ ပလပ်စတစ်စက်ရုံတွေပါရှိပါတယ်။  ခွင့်ပြုစက်ရုံအလုပ်ရုံ ၄၃ ခုမှာ နိုင်ငံတော်ပိုင် စက်ရုံ ၃ ခုနဲ့ ပြည်ပရင်းနှီးမြှုပ်နှံမှု လုပ်ငန်းတချို့လည်းပါဝင်ပါတယ်။ ဒီစက်ရုံတွေထဲမှာ ရွှေဘိုမြို့က လုပ်ငန်းပေါင်း ၁၁ ခု၊ မုံရွာမြို့က လုပ်ငန်းပေါင်း ၆ ခု၊ ဆားလင်းကြီးမြို့နယ်က ၂ ခုနှင့် စစ်ကိုင်းမြို့နယ်က ၂၄ ခုတို့ဖြစ်ပါတယ်။ စစ်ကိုင်းတိုင်း အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးမိုးကျော်သူက "မနေ့ကစပြီး ခွင့်ပြုပေးတာပါ။ လုပ်ငန်းပြန်ပြီး လည်ပတ်ဖို့ အဆင်သင့်ဖြစ်ပါပြီဆိုတဲ့ စားသောက်ကုန်ထုတ်လုပ်ငန်းတွေ၊ ဆေးဝါးထုတ်လုပ်ငန်းတွေ၊ အခြေခံ လူသုံးကုန်လုပ်ငန်းတွေကို ဦးစားပေးသွားရောက်စစ်ဆေးတာပါ။ ဘယ်နေ့ပြီးမယ်ဆိုတာတော့ မပြောတတ်သေးဘူး။ စစ်တာတော့ စစ်နေပါတယ်။"လို့ ပြောပါတယ်။ စစ်ကိုင်းတိုင်းမှာ စက်ရုံ၊ အလုပ်ရုံပေါင်း ၂၈၆ ရုံရှိပါတယ်။ ဒီစက်ရုံတွေအနေနဲ့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်တွေ အတိုင်းလိုက်နာဆောင်ရွက်ထားမှု ရှိမရှိကို ကျန်းမာရေး၊ စက်မှုကြီးကြပ်စစ်ဆေးရေး၊ ထွေအုပ်၊ အလုပ်ရုံ၊ အလုပ်သမား စစ်ဆေးရေးဦးစီးဌာန၊ အလုပ်သမားညွှန်ကြားမှု ဦးစီးဌာန စတဲ့ ဌာနပေါင်းစုံကနေ လိုက်လံစ စ်ဆေးနေတာပါ။  ခွင့်ပြုပြီးစက်ရုံ၊ အလုပ်ရုံတွေကိုလည်း ညွှန်ကြားချက်အတိုင်း ဆက်လက် အကောင်အထည်ဖော်မှု ရှိမရှိကို ပြန်စစ်ဆေးသွားမယ်လို့ ဆိုပါတယ်။ 
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024