ကယားပြည်နယ်ကျန်းမာရေးဝန်ထမ်းများကို ဆန်၊ ဆီနှင့် ကြက်ဥ ထောက်ပံ့
နော်နိုရင်း
·
April 28, 2020
COVID-19 ကပ်ရောဂါဘေးကာလအတွင်းမှာ ကယားပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန လက်အောက်ရှိ ကျန်းမာရေးဝန်ထမ်းတွေကို အကူအညီပေးတဲ့အနေနဲ့ ပြည်နယ်အစိုးရက အခြေခံ စားနပ်ရိက္ခာတွေ ထောက်ပံ့နေပါတယ်။
ကယားပြည်နယ် ခရိုင်နဲ့မြို့နယ်တွေမှာရှိတဲ့ ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနလောက်အောက်ရှိ ကျန်းမာရေးဝန်ထမ်း ၁၆၀၀ ကျော်အတွက် အစိုးရက အခြေခံအစားအသောက်တွေ ထောက်ပံ့တာဖြစ်ပါတယ်။
ပြည်နယ်အစိုးရက ဆန်၊ ဆီနဲ့ ကြက်ဥတွေ ထောက်ပံ့ပေးတာဖြစ်ပြီး ဒီကနေ့မှာတော့ လွိုင်ကော်မြို့နယ်ပြည်သူ့ကျန်းမာရေးဝန်ထမ်းအားလုံး မီးဖွားခွင့်၊ ဆေးခွင့်နဲ့ နေ့စားဝန်ထမ်းတွေ ကိုပါ ခွဲတန်းနဲ့ ပေးဝေနေတယ်လို့ လွိုင်ကော်မြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာထွန်းနေဝင်းက ပြောပါတယ်။
“မြို့နယ်တိုင်းတော့ ဝေပါတယ်။ ကျနော်တို့ လွိုင်ကော်မြို့နယ်အတွက်ကတော့ ဝန်ထမ်း အားလုံး ၁၅၀ ကျော်ရှိပါတယ်။ မီးဖွားခွင့်တွေပါတွေ ယူထားတဲ့ စာရင်းတွေပါ ထည့်ပေးတာပေါ့လေ။ ”
ကျန်းမာရေး ဝန်ထမ်းတဦးကို ဆန် ၅ ပြည်၊ ဆီ တပိဿာလောက်နဲ့ ကြက်ဥ ၁၀ လုံးစီ ခွဲတမ်း ရရှိကြောင်းလည်း ပြောပါတယ်။
ဒီလိုကျန်းမာရေးဝန်ထမ်းတွေကို ထောက်ပံ့ပေးနိုင်ဖို့ ပြည်နယ်အတွင်းရှိ ကုမ္ပဏီတွေ၊ လုပ်ငန်းရှင်က စုပေါင်းပြီး လှူဒါန်းပေးတာလို့လည်း သိရပါတယ်။