ချန်းရိဖိနပ်စက်ရုံမှ အလုပ်လုပ်ပြီးပြန်လာသူ ၂၅ ဦးကို လပွတ္တာတွင် ၂၁ ရက်စောင့်ကြည့်နေ
DVB
·
April 27, 2020
ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ် စက်မှုဇုန်မှာ အလုပ်သွားရောက်လုပ်ကိုင်ပြီး လပွတ္တာမြို့ကို ပြန်လာတဲ့ အလုပ်သမား ၂၅ ဦးကို သက်ဆိုင်ရာကျေးရွာတွေမှာ ဧပြီ ၂၆ ရက်နေ့က သွားရောက်ခေါ်ဆောင်ပြီး စောင့်ကြည့်နေရာမှာ ထားရှိထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ချန်းရိဖိနပ်စက်ရုံက တရုတ်စကားပြန်လုပ်သူ အမျိုးသားမှာ Covid-19 ရောဂါပိုးတွေ့ရှိပြီး နောက် စက်ရုံယာယီပိတ်ထားချိန်မှာ သူတို့ ၂၅ ယောက်က နေရပ်ကိုပြန်လာခဲ့လို့ တာဝန်ရှိသူတွေနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေကပ သွားရောက်ခေါ်ဆောင်ပြီး Community Based Facility Quarantine တွေမှာ စောင့်ကြည့်တာတွေပြုလုပ်ထားတယ်လို့ တာဝန်ရှိသူတွေက ဒီဗွီဘီကို ပြောပါတယ်။
"သူတို့က စက်ရုံတွေပိတ်လိုက်တော့ ပြန်လာတာ၊ ဒီကလူတွေက စက်ရုံက လုပ်သားမှာ ပိုးတွေ့ တယ်သတင်းကြားတော့ ပြန်လာတဲ့သူတွေကို လိုက်ရှာပြီး ခေါ်ရတာပါ၊ ပြန်လာတဲ့ နေ့တွေတော့ မတူဘူး။ အဲ့ထဲက ၂ ယောက်ကိုတော့ ဓာတ်ခွဲစစ်ဆေးဖို့ လိုအပ်တာတွေယူပြီး ရန်ကုန်ကို ပို့ထားတယ်" လို့ လပွတ္တာမြို့ Covid-19 ရောဂါပူးပေါင်းကာကွယ်ရေးအဖွဲ့က ကိုစိုးသီဟမင်းက ပြောပါတယ်။
ချန်းရိဖိနပ်စက်ရုံမှာ အလုပ်လုပ်ကိုင်ပြီး ပြန်လာတဲ့သူတွေဟာ ပြင်စလူ၊ ကန်ဘက်၊ ညောင်လိန်၊ ပျဉ်တောင်တွင်း၊ ထန်းပင်ကွင်း၊ နေရာပြန်ချီနဲ့ ကညင်ကုန်းစတဲ့ ကျေးရွာတွေကဖြစ်ပြီး ညောင်လိန်ကျေးရွာနဲ့ နေရာပြန်ချီကျေးရွာက ၂ ဦးကို ဆေရုံမှာသီးခြားထားပြီး စောင့်ကြည့်နေကာ ကျန် ၂၃ ဦးကိုတော့ ၃ မိုင်မြို့ အထက်တန်းကျောင်း Community Based Facility Quarantine တွေမှာ စောင့်ကြည့်တာတွေ ပြုလုပ်နေတယ်လို့ ဆိုပါတယ်။
နေရာပြန်ချီကျေးရွာနဲ့ ညောင်လိန်းကျေးရွာက အလုပ်သမား ၂ ဦးက ပြန်လာတဲ့သူတွေထဲမှာ အစောဆုံးပြန်ရောက်လာတာဖြစ်ပြီး Covid-19 ရောဂါနဲ့ပတ်သက်ပြီး သံသယဖြစ်စရာအခြေ အနေရှိနေလို့ ဆေးရုံမှာ သီးခြားထားစောင့်ကြည့်နေရကာ ဓာတ်ခွဲအဖြေကို စောင့်ဆိုင်းနေတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
ဧရာဝတီတိုင်းအတွင်းက မြို့နယ်တွေမှာ ဧပြီလ ဒုတိယပိတ်ကစတင်ပြီး စစ်ဆေးရေး ဂိတ်တွေမှာ ခရီးသွားလာသူတွေကို ခရီးသွားထောက်ခံစာမပါရင် ပေးမဝင်တော့သလို ထောက်ခံစာပါတဲ့သူတွေထဲက တိုင်းကျော်ပြန်လာတဲ့သူတွေကို ၂၁ ရက်စောင့်ကြည့်တာမျိုး တွေလည်း ပြုလုပ်နေပါတယ်။
ဧပြီလ ၂၆ ရက်နေ့ ညနေပိုင်းမှာ ညောင်တုန်းမြို့နယ် မဲဇလီစစ်ဆေးရေးဂိတ်မှာ မွန်ပြည်နယ် ကျိုက်မရောမြို့နယ်မှာ သွားရောက်အလုပ်လုပ်ကိုင်ပြီး ကုန်တင်ကားနောက်ပိုင်းမှာ အလုံပိတ် လိုက်ပါလာတဲ့ ရွှေ့ပြောင်းလုပ်သား ၇၀ ကျော်ကို တာဝန်ရှိသူတွေက ဖမ်းမိခဲ့ပြီး သက်ဆိုင်ရာမြို့နယ်တွေမှာ ၂၁ ရက် စောင့်ကြည့်တာတွေ ပြုလုပ်နေပါတယ်။
မင်းထက်မုန်း