လွိုင်ကော်မြို့က ၅ ရက်တစျေး နောင်ယားစျေးကို ပုံစံပြောင်းရောင်းချခိုင်း (ဓာတ်ပုံ)
နော်နိုရင်း
·
April 26, 2020
ကိုရိုနာဗိုင်းရပ်ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေဖို့ လွိုင်ကော်မြို့မှာ ၅ ရက်တဈေး ရောင်းချနေတဲ့ နောင်ယားဈေးကို ဧပြီ ၂၆ ရက်နေ့ကစပြီး ပုံစံပြောင်းရောင်းချစေပါတယ်။
လူစုလူဝေးနဲ့ ကြပ်သိပ်မှု မရှိစေဖို့ ဈေးရောင်းသူတွေအတွက် ၈ ပေပတ်လည် အကွက်ရိုက်ထားပေးပြီး ရောင်းချခိုင်းထားတယ်လို့ လွိုင်ကော်မြို့ စည်ပင်သာယာရေးကော်မတီ အမှုဆောင်အရာရှိဦးသန်းထွန်းက ပြောပါတယ်။
“ကျနော်တို့က အကွက်သစ်ရိုက်ပေးလိုက်တာ အကွက်တွေကို၊ ကျနော် ၈ ပေပတ်လည် အကွက်လေးတွေ ပေးထားတာ။ ဒါပေမဲ့ တချို့ကျတော့လည်း နည်းနည်းလေးပဲ လာရောင်းသူတွေကျတော့ ၈ ပေအကွက်မှာ ၄ ပေခြား နှစ်ယောက် ယူတာပေါ့။ အဓိကကတော့ ကျနော်တို့က လူစုစုနဲ့ မဖြစ်စေချင်ဘူး။ လူစုခွဲပြီးတော့မှ ဈေးရောင်းဈေးဝယ် အဲလို လုပ်စေချင်တာပေါ့။ လူတယောက်နဲ့တယောက် တိုးကြိတ်ပြီးမှ မဖြစ်အောင်လို့ ကျနော်တို့က ဒီလို ချဲပေးလိုက်တာပေါ့။ စနစ်တကျလည်း ဖြစ်သွားအောင်၊ ရောင်းဝယ်သူတွေလည်း အဆင်ပြေအောင် လမ်းသွားလမ်းလာတွေအတွက်လည်း အဆင်ပြေအောင် အဲဒီရည်ရွယ်ချက်လေးနဲ့ လုပ်တာပါ။”
စည်ပင်သာယာရေးကော်မီတီအနေနဲ့ ဈေးသည်တွေအတွက် ဈေးတွင်း ဈေးပြင် အကွက် ၃၀၀ ခန့် ရိုက်ထားပေမယ့် ဈေးသည်တွေက ဒီထက်မက ပိုများနေတဲ့အတွက် ရိုက်ထားတဲ့အကွက်နဲ့ မလုံလောက်ဖြစ်တဲ့အတွက် တချို့မှာ တကွက်ကို ၂ ယောက် ရောင်းချရတဲ့အနေအထား ဖြစ်နေတယ်လို့လည်း ပြောပါတယ်။
ပုံစံပြောင်းရောင်းချတဲ့ ဈေးသည်တွေအတွက် ထီးကိုတော့ MyTel က ထီး ၁၂၀ လာလှူထားပေးကြောင်းလည်း ဆိုပါတယ်။
နောင်ယားဈေးဟာ ၅ ရက်တဈေး ရောင်းချတဲ့ဈေးဖြစ်ပြီး ကယားပြည်နယ်နေရာအနှံ့က ဒေသခံတွေ သူတို့ဒေသထွက်ပစ္စည်းတွေ လာရောက်ရောင်းချတဲ့ ဈေးတခု ဖြစ်ပါတယ်။
ဈေးရောင်းဈေးဝယ်တွေအနေနဲ့ မဖြစ်မနေ mask တပ်ဆင်ဖို့ စည်ပင်သာယာရေးအဖွဲ့က နှိုးဆော်ထားပြီး မတပ်ရင်တော့ ဒဏ်ငွေ ၃၀၀၀ ပေးဆောင်ရမယ်လို့ ဆိုပါတယ်။