CPS ပိုးသတ်ဆေးကုမ္ပဏီဝန်ထမ်း ပစ်သတ်ခံရမှု အမှန်တရားဖော်ထုတ်ပေးရန် မိသားစုတောင်းဆို
DVB
·
April 24, 2020
ရခိုင်ပြည်နယ်မှာ CPS ပိုးသတ်ဆေးကုမ္ပဏီဝန်ထမ်း ယာဉ်မောင်း ကိုနွယ်နွယ်မောင် သေနတ်နဲ့ ပစ်ခတ်ခံရပြီး သေဆုံးခဲ့ရတဲ့အပေါ်မှာ နိုင်ငံတော်အကြီးအကဲတွေအနေနဲ့ အမှန်တရားဖော်ထုတ်ပေးဖို့ သေဆုံးသူရဲ့ မိသားစုက တောင်းဆိုလိုက်ပါတယ်။
ဧပြီ ၂၃ ရက် ညနေက ကိုနွယ်နွယ်မောင်ရဲ့ ဇာတိဖြစ်တဲ့ ကျောက်ဖြူမြို့နယ် တဲချောင်းကျေးရွာမှာ သင်္ဂြိုဟ် အပြီးမှာ မိသားစုဝင်တွေက အခုလိုပြောဆိုခဲ့ကြတာပါ။
ကိုနွယ်နွယ်မောင်ရဲ့အဖိုး ဦးအောင်စံထွန်း က “ဒီကလေးကတော့ မိဘတွေ၊ ညီအစ်ကို မောင်နှမတွေကို ပြုစုစောင့်ရှောက်နေတဲ့ကလေးပါ။ ဒီလိုအပြစ်မဲ့ ရခိုင်ပြည်သူတွေကို ဒီလို ရမ်းရမ်းကားကား ကြမ်းကြမ်းတမ်းတမ်းပြုမူတာတွေကြောင့် အသက်ပေါင်းမြောက်များစွာ ပေးဆပ်ခဲ့ရပြီ၊ အခုလည်း ကျနော့်ရဲ့ မြေးလေးဆုံးရှုံးသွားရတဲ့အတွက် ကျနော်တို့အနေနဲ့ ရင်ထုမနာခံစားရတယ်၊ နိုင်ငံတော်အကြီးအကဲတွေ အနေနဲ့ ဒီဟာကို အမှန်တရားကို ဖေါ်ထုတ်ပေးစေချင်တယ်”လို့ ပြောပါတယ်။
ကိုနွယ်နွယ်မောင်ဟာ ကုမ္ပဏီရဲ့ တာဝန်နဲ့ ရန်ကုန်မြို့မှ စစ်တွေမြို့ကိုသွားရောက်ပြီး ပိုးသတ်ဆေးဖြန်းဖို့သွားရာ အမ်းမြို့နယ်အရောက်မှာ မိဘတွေကိုဆက်သွယ်ခဲ့ပြီးနောက်ပိုင်းမှာ အဆက်အသွယ်ပြတ်တောက်သွားခဲ့ပါတယ်။
ဒီနောက် ကျေးရွာအုပ်ချုပ်ရေးမှူးက ဆက်သွယ်ပြောဆိုလာတဲ့အခါမှ သေဆုံးသွားတာ သိခဲ့ရတယ်လို့ သေဆုံးသူရဲ့ အဒေါ်ဖြစ်သူ ဒေါ်ပန်းနုဖြူက ပြောပါတယ်။
“သူက ၁၀ နာရီလောက်က ဖုန်းဆက်တယ်။ အမ်းကနေပြီးတော့ စစ်တွေကိုသွားပြီးတော့ ရောက်တဲ့အခါမှာ ဖုန်းဆက်မယ်ဆိုပြီးတော့ ပြောတယ်။ သေတယ်ဆိုတဲ့ဟာကို ၄ နာရီ၊ ၅ နာရီလောက်မှာ ဥက္ကဋ္ဌဆီက ဖုန်းဆက်လာတဲ့ အခါမှ သိရတာပေါ့၊ အခုလို အသတ်ခံရတဲ့ အပေါ်မှာ ရခိုင်သူ/ရခိုင်သားတွေအနေနဲ့ နောက်ကို ဒီလို အဖြစ်မျိုး မဖြစ်စေချင်ဘူး”လို့ ပြောပါတယ်။
CPS ပိုးသတ်ဆေးကုမ္ပဏီပိုင် ကားမောင်းနှင်လာတဲ့ ယာဉ်မောင်း ကိုနွယ်နွယ်မောင်နဲ့ ယာဉ်နောက်လိုက် ကိုဟိန်းထက်ဦးတို့ဟာ ရန်ကုန်မြို့မှ စစ်တွေမြို့ကိုသွားစဉ် ဧပြီ ၂၁ ရက်နေ့လည် ၁ နာရီလောက်က မင်းပြားမြို့နယ် ဖားပြိုကျေးရွာတောင်ဘက် မီတာ ၅၀၀ လောက်အကွာမှ လက်နက်ငယ်နဲ့ ပစ်ခတ်ခံခဲ့ရလို့ကိုနွယ်နွယ်မောင်မှာ နဖူးကို ကျည်ဆန်ထိမှန်ကာ သေဆုံးခဲ့ပြီး ကိုဟိန်းထက်ဦး ကတော့ ဝမ်းဗိုက်မှာ ဒဏ်ရာရရှိခဲ့တာပါ။
ကိုနွယ်နွယ်မောင်ရဲ့အလောင်းကို မင်းပြားမြို့နယ်ပြည်သူ့ဆေးရုံမှ ဧပြီ ၂၃ ရက် မနက်က စက်လှေနဲ့ သွားရောက်သယ်ဆောင်ခဲ့ပြီးနောက် သူရဲ့ဇာတိဖြစ်တဲ့ ကျောက်ဖြူမြို့နယ် တဲချောင်းကျေးရွာကို ညနေမှာ ရောက်ရှိလာခဲ့ပြီး ရွာင်္သချိုင်းမှာ မြေမြုပ်သင်္ဂြိုလ်ခဲ့ပါတယ်။
အခုလို ပစ်ခတ်ခံရပြီး အရပ်သားပြည်သူတွေ သေဆုံးခဲ့ရမှုနဲ့ ပတ်သက်လို့ အပြန်အလှန် လွှဲချစွပ်စွဲမှုတွေသာရှိပြီး ဘယ်လက်နက်ကိုင်အဖွဲ့ကမှ သူတို့ရဲ့လက်ချက်လို့ ဝန်ခံ ပြောကြားလေ့ မရှိပါဘူး။
သတင်း- နောင်နောင်