Air KBZ လေကြောင်းလိုင်း မန္တလေး-ခန္တီး လေယာဉ်ခရီးစဉ် ပြန်ရပ်နား
DVB
·
April 24, 2020
Air KBZ လေကြောင်းလိုင်းဟာ မန္တလေး-ခန္တီး လေယာဉ်ခရီးစဉ်ကို ဧပြီ ၂၀ ရက်နဲ့ ၂၃ ရက်က ပြေးဆွဲပြီးနောက် ပြန်ရပ်နားခဲ့တယ်လို့ Air KBZ ခန္တီးရုံး တာဝန်ခံက ပြောပါတယ်။
“ကျမတို့လူကြီးတွေက ရပ်နားဖို့ ဆုံးဖြတ်ခဲ့တာ။ အခု မန္တလေး-ခန္တီး လေယာဉ်ခရီးစဉ်ကို ဧပြီလကုန်ထိရပ်နားသွားမှာ အဲဒီနောက်ပိုင်း အခြေအနေ ကြည့်ပြီးပြန်ပြေးဆွဲမယ်”လို့ ပြောပါတယ်။
လက်ရှိအချိန်အထိ COVID-19 ရောဂါကူးစက်ခံရသူ တဦးမှမရှိသေးတဲ့ ခန္တီးမြို့ကို လေယာဉ်ခရီးစဉ်ပြေးဆွဲမှုကြောင့် ရောဂါပိုးကူးစက်ခံရသူတွေ ရောက်ရှိလာမှာကို ဒေသခံတွေက စိုးရိမ်ပြီး ဝေဖန်မှုရှိနေကြပါတယ်။
ခန္တီးခရိုင်လူငယ်ကွန်ယက်အဖွဲ့ ကိုတေဇာထွန်းက “အခုလို လေယာဉ်ပြေးဆွဲတော့ ကျနော်မြို့အတွက် စိုးရိမ်ရတယ်။ အခုက မန္တလေးကနေပါတယ်၊ ရန်ကုန်ကနေ လာကြတယ်။ အခုဆို ကိုဗစ်ရောဂါပိုးတွေ့သူအများဆုံးက ရန်ကုန်ဖြစ်နေတော့ ပိုပြီး စိုးရိမ်နေရတယ်။ လေယာဉ်ခရီးစဉ်က ရန်ကုန်-မန္တလေး-ခန္တီး ပြေးဆွဲတော့ ကျနော်တို့မြို့အတွက် စိုးရိမ်နေရတယ်။ ဒါကြောင့်ဒီလိုအချိန်မှာ လေယာဉ်ခရီးစဉ် ရပ်နားထားတာအကောင်းဆုံးပဲ”လို့ ပြောပါတယ်။
မန္တလေး-ခန္တီး Air KBZ လေကြောင်းလိုင်းဟာ ၁၀ ရက်အကြာ ရပ်နားပြီး ဧပြီ ၂၀ ရက်က စတင်ပြန်ပြေးဆွဲခဲ့တာပါ။
မန္တလေး-ခန္တီး လေယာဉ်ခရီးစဉ်လိုက်ပါလာသူတွေကတော့ နေအိမ်မှာပဲနေခဲ့ပြီး ရန်ကုန်-ခန္တီး လိုက်ပါသူ ၇ ဦးကတော့ ခန္တီးမြို့ နတလ သင်တန်းကျောင်းမှာ Quarantine ဝင်နေရ ပါတယ်။
မြန်မာ့အမျိုးသားလေကြောင်းလိုင်းနဲ့ Air Thanlwin လေကြောင်းလိုင်းတွေကတော့ ဧပြီလကုန်အထိ ရပ်နားပါတယ်။
သတင်း- အောင်ဆန်းမြင့်