Homeသတင်းဓာတ်ပုံ
ကိုရိုနာဗိုင်းရပ်စ်တိုက်ဖျက်ရေး ဆရာဝန်မလေးအား ပြည်သူများက လက်ခုပ်တီးကြိုဆို (ဓာတ်ပုံ)
ကိုရိုနာဗိုင်းရပ်စ်တိုက်ဖျက်ရေး ဆရာဝန်မလေးအား ပြည်သူများက လက်ခုပ်တီးကြိုဆို (ဓာတ်ပုံ)
DVB
·
April 22, 2020
လတ်တလော အခြေအနေမှာ ကပ်ရောဂါတခုလို ဖြစ်နေတဲ့ COVID-19 ဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှုကနေ ကာကွယ်ထိန်းချုပ်ရေးမှာ အများပြည်သူတွေရဲ့ရှေ့က မားမားမတ်မတ် ရပ်တည်ကာကွယ်နေကြတဲ့ ဆေးပညာရှင် ဆရာဝန်တွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေရဲ့ အခန်းကဏ္ဍက အရေးပါနေပါတယ်။
တဖြည်းဖြည်း ကူးစက်ပျံ့နှံ့မှု မြန်ဆန်လာနေခဲ့တဲ့ COVID-19 ကူးစက်ခံရသူဦးရေဟာ မြန်မာနိုင်ငံမှာတော့ လတ်တလောအချိန်ထိ ၁၂၁ ယောက် ကူးစက်ခံခဲ့ရပြီး ၅ ယောက် သေဆုံးခဲ့ပြီ ဖြစ်ပါတယ်။
ကုသပျောက်ကင်းနိုင်တဲ့ ဆေးဝါးမရှိသေးတဲ့ အခြေအနေမှာတော့ တကိုယ်ရေ သန့်ရှင်းမှုနဲ့ ကျန်းမာကြံ့ခိုင်အောင် ဂရုတစိုက် နေထိုင်စားသောက်ကြဖို့၊ လူစုလူဝေးနဲ့ ပွဲလမ်းသဘင် အခမ်းအနားတွေကို ရှောင်ကြဉ်ပြီး နေအိမ်တွေထဲမှာသာ နေထိုင်ခြင်းအားဖြင့် ရောဂါကူးစက်ပြန့်ပွားမှုကို တဖက်တလမ်းကနေ ကူညီပေးနေကြချိန်မှာ အိမ်တွေထဲ မနေသာဘဲ ရှေ့တန်းကနေ ဆေးရုံဆေးခန်းတွေမှာ ကျရာတာဝန်တွေကို ထမ်းဆောင်နေကြသူတွေထဲမှာ ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေက ထိပ်တန်းက ပါဝင်နေပါတယ်။
ရန်ကုန်မြို့က ဝေဘာဂီဆေးရုံကြီးမှာတော့ COVID-19 ဗိုင်းရပ်စ်ကူးစက်ခံရသူတွေကို အထူးကြပ်မတ်ကုသမှုတွေ ပေးနေတာဖြစ်ပြီး ဒေါက်တာနန်းအိအိချောကတော့ အဲဒီမှာ တာဝန်ကျတဲ့ ဆရာဝန်မလေးတယောက်ပါ။
မနေ့ကတော့ တာဝန်ချိန်ပြီးဆုံးလို့ ကမာရွတ်မြို့နယ်ထဲက နေအိမ်ဆီ ပြန်လာခဲ့ချိန်မှာတော့ ရပ်ကွက်ထဲက ပြည်သူတွေက သူ့ကို ကျန်းမာရေးသူရဲကောင်းမလေးတယောက်အဖြစ် လက်ခုပ်တီး ကြိုဆိုခဲ့ကြတာ ဖြစ်ပါတယ်။
အဲဒီလို ကြိုဆိုခဲ့ကြတဲ့ မြင်ကွင်းပုံရိပ်တွေကိုတော့ U Kyaw Kyaw အမည်နဲ့ ဖေ့စ် ဘွတ်ခ်အသုံးပြုသူတဦးက အခုလိုရေးသားပြီး မျှဝေထားခဲ့တာ ဖြစ်ပါတယ်။
“COVID-19 ရောဂါကာကွယ်ကုသနေသော ဝေဘာဂီဆေးရုံကြီးမှ တာဝန်ပြီးဆုံးခဲ့ပြီး နေအိမ်သို့ ပြန်လာခဲ့သော ဆရာဝန်နန်းအိအိချောအား ဆင်ရေတွင်းလမ်းတွင်းရှိ ပြည်သူများမှ ဂုဏ်ပြု(လက်ခုတ်တီး)ကြိုဆိုခဲ့ကြပါသည်”
သိပ်မကြာခင်ကလည်း ရှေ့တန်းမှ မားမားမတ်မတ် ရပ်တည်ခဲ့ကြတဲ့ ဆေးဝန်ထမ်းတွေကို ည ၈ နာရီတိတိ အချိန်မှာ ပြည်သူတွေက လက်ခုပ်တီးဂုဏ်ပြုတဲ့ လှုပ်ရှားမှုတခုကို ပြုလုပ်ခဲ့ကြပါသေးတယ်။
လတ်တလောမှာတော့ ဒီမြင်ကွင်းပုံရိပ်တွေအပေါ် ဖေ့စ်ဘွတ်ခ်အသုံးပြုသူတွေက ချီးကျူးမှတ်ချက်တွေ ထောင်သောင်းချီ ရေးသားခဲ့ကြပြီး ကျယ်ကျယ်ပြန့်ပြန့် မျှဝေမှုတွေ ပြုလုပ်နေတာ ဖြစ်ပါတယ်။
Photo : U Kyaw Kyaw