မွန်ပြည်နယ်အတွင်း ညွှန်ကြားချက် မလိုက်နာသည့် စျေးဆိုင်များကို အပြီးပိတ်သိမ်းမည်
DVB
·
April 20, 2020
မွန်ပြည်နယ်အတွင်း COVID-19 ညွှန်ကြားချက် မလိုက်နာတဲ့ စျေးဆိုင်တွေကို အပြီး ပိတ်သိမ်းတဲ့အထိ အရေးယူတော့မယ်လို့ ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။
ကိုရိုနာဗိုင်းရပ်စ် COVID-19 ရောဂါကြောင့် မွန်ပြည်နယ်တဝန်း စည်ပင်သာယာရေးအဖွဲ့ လက်အောက်ရှိ စျေးတွေမှာ အခြေခံ စားသောက်ကုန်အရောင်းဆိုင်တွေကိုသာ ဖွင့်လှစ်ရောင်းချဖို့နဲ့ အခြားကုန်ပစ္စည်း အရောင်းဆိုင်တွေကို ဧပြီ ၃၀ ရက်နေ့အထိ ပိတ်သိမ်းထားပေးဖို့ မွန်ပြည်နယ် အစိုးရအဖွဲ့က ဧပြီ ၁၉ ရက်နေ့မှာ ညွှန်ကြားခဲ့ပါတယ်။
အဲဒီလို ညွှန်ကြားချက်ကြောင့် စည်ပင်သာယာရေးအဖွဲ့ လက်အောက်ရှိ စျေးဆိုင်တွေကို ထပ်ဆင့် ညွှန်ကြားတာတွေ လုပ်ဆောင်ထားပါတယ်။
ဒါကြောင့် ပိတ်သိမ်းဖို့ ညွှန်ကြားထားတဲ့ အရောင်းဆိုင်တွေအနေနဲ့ ဖွင့်လှစ်ရောင်းချတာတွေ လုပ်ဆောင်ရင် အပြီးပိတ်သိမ်းတဲ့အထိ အရေးယူတော့မယ်လို့ မွန်ပြည်နယ် စည်ပင်သာယာရေးအဖွဲ့ တွဲဘက်ညွှန်ကြားရေးမှူး ဦးတင်ကိုကိုက ပြောပါတယ်။
အခြေခံစားသောက်ကုန်တွေဖြစ်တဲ့ အသား၊ ငါးနဲ့ ဟင်းသီးဟင်းရွက် ရောင်းချတဲ့ ဆိုင်တွေအနေနဲ့ ကျန်းမာရေးအကာအကွယ်တွေ လုပ်ဆောင်ဖို့နဲ့ လူစုလူဝေး မဖြစ်အောင် စျေးရောင်းချဖို့ ညွှန်ကြားထားတာပါ။
ဧပြီ ၃၀ ရက်နေ့ ပိတ်သိမ်းထားဖို့ ညွှန်ကြားထားတဲ့ အခြားကုန်ပစ္စည်းအရောင်းဆိုင်တွေကို လိုအပ်ရင် ပိတ်သိမ်းကာလ ထပ်တိုးသွားမယ်လို့ မွန်ပြည်နယ် အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးမြင့်သန်းဝင်းက ပြောပါတယ်။
ဒါ့အပြင် စည်ပင်သာယာရေးအဖွဲ့ လက်အောက်ရှိ စျေးတွေနဲ့ အခြားပျံကျစျေးတွေမှာ စျေးလာဝယ်သူနဲ့ စျေးရောင်းချသူတွေကို Mask တွေ ဖြန့်ဝေပေးသွားဖို့ စီစဉ်နေပါတယ်။
လက်ရှိမှာတော့ မွန်ပြည်နယ် မော်လမြိုင်ရဲ့ အဓိက စျေး ၂ စျေးဖြစ်တဲ့ မြိုင်ရတနာစျေးနဲ့ အမှတ် (၁) စျေးကို ဧပြီ ၂၀ ရက်နေ့ကနေ ဧပြီ ၃၀ ရက်နေ့အထိ ပိတ်သိမ်းတဲ့ကာလ ထပ်မံတိုးမြှင့်ထားပါတယ်။
ဇော်လွင်ထွဋ်