မကွေးတိုင်း ခရီးသည်တင်ယာဉ်နှင့် ရေယာဉ်များ ယာယီရပ်နားထားမှု ရက်တိုးမြှင့်
DVB
·
April 18, 2020
မကွေးတိုင်းမှာ COVID-19 ရောဂါအတည်ပြု လူနာအမှတ်-၅၃ တွေ့ရှိပြီးနောက် ခရီးသည်တင် အမြန်ယာဉ်တွေနဲ့ ရေယာဉ်တွေကို ဧပြီ ၂၀ အထိ ယာယီရပ်နားထားရာကနေ ၃၀ ရက်နေ့ထိ ရပ်နားထားဖို့ တိုင်းအစိုးရအဖွဲ့က ပန်ကြားလိုက်တာပါ။
မကွေးတိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဒေါက်တာခင်မောင်အေးက “တိုင်းအတွင်းမှာလည်း COVID-19 ရောဂါ လူနာတယောက်ရှိနေပြီး တခြားရောဂါဖြစ်ပွားနေတဲ့ တိုင်းတွေကနေ ဝင်ထွက်သွားလာမှာကို ဒေသခံပြည်သူတွေက စိုးရိမ်တဲ့အတွက် ရက်တိုးမြှင့်လိုက်တာပါ။ ရောဂါဖြစ်ပွားနေတဲ့ တိုင်းဒေသကြီးတွေကလည်း Lock down မပြုလုပ်ကြတော့ ရောဂါဖြစ်ပွားသူတွေနဲ့ ထိစပ်တဲ့သူတွေ ဝင်ထွက်သွားလာမှုမရှိအောင် အိမ်မှာ Stay Home ရက်ရှည်ရှည်နေကြဖို့ ရည်ရွယ်ပြီး ရက်တိုးမြှင့်လိုက်တာပါ။ Case-53 လူနာနဲ့ ပတ်သက်လို့လည်း နယ်စပ်ကနေ Quarantine စခန်းထိ ထိစပ်ခဲ့သူတွေကို စုံစမ်းဖော်ထုတ်ပြီး တခြားတိုင်းဒေသကြီးတွေကိုပါ ချိတ်ဆက်သတင်းပို့ကာ အသွားအလာ ကန့်သတ်စောင့်ကြည့်တာတွေ လုပ်ဆောင်ထားတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့က COVID-19 ရောဂါကြိုတင်ကာကွယ်နိုင်အောင် အချက် ၉ ချက် ပါဝင်တဲ့ ပန်ကြားချက်ကို ဧပြီ ၂၀ ရက်နေ့ထိ သတ်မှတ်ထားရာကနေ ဧပြီ ၃၀ ရက်နေ့ထိ တိုးမြှင့်လိုက်တယ်လို့ သိရပါတယ်။
မင်းထီး