ပုသိမ်မြို့ရှိ အောင်ဧရာစျေးကို ယာယီပိတ်သိမ်းပြီး အောင်သီရိစျေးကို နေရာရွှေ့ပြောင်း
DVB
·
April 17, 2020
ဧရာဝတီတိုင်း၊ ပုသိမ်မြို့က မနက်ခင်း စျေးဝယ်အများဆုံးဖြစ်တဲ့ အောင်သီရိစျေး (ကုလားကုန်းစျေး)ကို နေရာရွေ့ပြောင်းလိုက်ပြီး ညပိုင်း စျေးဝယ်အများဆုံးဖြစ်တဲ့ အောင်ဧရာစျေး (ဘူတာဈေး)ကိုတော့ COVID-19 ရောဂါ ကာကွယ်နိုင်ရေးအတွက် အာဏာပိုင်တွေက ယာယီပိတ်သိမ်းလိုက်ပါတယ်။
စျေးတွေ ယာယီမပိတ်ခင် စျေးမှာရောင်းချသူတွေကို ၅ ပေအကွာ ရောင်းချဖို့ စည်းကမ်း သတ်မှတ်ချက်ရောင်းချစေခဲ့ပေမယ့် စျေးဝယ်သူများလာချိန်မှာ တဦးနဲ့ တဦးထိကပ်လာတဲ့အတွက် ခုလိုစီစဉ်ခဲ့တာလို့ ပုသိမ်မြို့နယ် စည်ပင်သာယာရေးအတွင်းရေးမှူး ဒုညွှန်ကြားရေးမှူး ဦးကျော်စိုးက ဒီဗွီဘီကို ပြောပါတယ်။
"ဘူတာစျေးက နယ်စုံကလာတဲ့ သူတွေရှိတယ်။ အဲ့မှာကစုပြုံရောင်းတော့ ကူးစက်နိုင်ချေများ လို့ ယာယီပိတ်ထားလိုက်တာပါ။ ကုလားကုန်းစျေးကတော့ ယာဉ်ပိတ်တာတွေလည်းရှိတယ်။ စျေးဝယ်လာသူတွေကလည်း အရမ်းများတော့ ကူးစက်နိုင်ချေများလို့ နေရောရွှေ့ပြောင်းလိုက် တာပါ"
နယ်စုံလူတွေ ရထားနဲ့ လာရောက်ပြီး အောင်ဧရာဈေးပိတ်ချိန် စျေးအပြင်ဘက် လမ်းမပေါ်မှာ စျေးသည်တွေက ည ၇ နာရီကနေ မနက် ၅ နာရီအထိ ရောင်းချလေ့ရှိပါတယ်။ အောင်သီရိ စျေးကတော့ မနက်ပိုင်း စျေးရဲ့အပြင်ဘက်မှာ စျေးသည် အများစုက ရောင်းချပြီး ယာဉ်သွားလာဖို့အတွက် လမ်းပိတ်ဆို့တာတွေရှိသလို လူတွေ ပူးပူး ကပ်ကပ်စျေးဝယ်ရတာတွေ ရှိတာကြောင့် တာဝန်ရှိသူတွေက စျေးကို နေရာရွှေ့ပြောင်းဖို့ စီစဉ်ခဲ့တာ ဖြစ်ပါတယ်။
အောင်သီရိစျေးရဲ့ အပြင်ဘက်လမ်းမပေါ်မှာ မနက်ခင်းစျေးရောင်းချတဲ့ သူတွေကို ပုသိမ်မြို့ အမှတ် ၆ ရပ်ကွက်က ကုသိနာရုံဘုရားဝန်းအတွင်းပြောင်းရွှေ့ပေးခဲ့ပြီး စျေးဆိုင် ၁ ဆိုင်နဲ့ ၁ ဆိုင်ကို ၅ ပေခြားစီ ရောင်းဖို့နေရာစီစဉ်ပေးထားပါတယ်။
ဈေးသည်တဦးက “အမှန်အတိုင်းပြောရရင်တော့ ကိုယ့်နေရာမှာပဲ ကိုယ်ရောင်းချင်တာပေါ့။ ဒါပေမယ့် ပိတ်ရမှာ ထက်စာရင်ခုလိုလေး စီစဉ်ပေးတော့ ရောင်းရလို့ ကျေးဇူးတင်ပါတယ်။ နေရာကျယ်ကျယ်လေး ရောင်းရတော့ လေဝင်လေထွက်လည်းကောင်းတယ်။ မရောင်းရတာထက်စာရင်တော့ အဆင် ပြေပါတယ်”လို့ ပြောပါတယ်။
စျေးဝယ်သူအများဆုံးဖြစ်တဲ့ အောင်ဧရာစျေးကိုတော့ COVID – 19 ရောဂါ ကာကွယ်ရေးအတွက် ပြည်သူတွေရဲ့ တင်ပြလာမှုကြောင့် ဧပြီ ၁၅ ရက် ညပိုင်းက စတင်ကာ ယာယီပိတ်ထားခဲ့ပြီး ယာယီရောင်းချဖို့အတွက် နေရာငှားထားကာ အဆင်ပြေအောင် နေရာပြန်လုပ်ပေးဖို့ စီစဉ်နေတယ်လို့ ပုသိမ်မြို့နယ်စည်ပင်သာယာရေး ကော်မတီထံက သိရပါတယ်။
မင်းထက်မုန်း (ပုသိမ်)