တောင်ကြီးတွင် ဒေသန္တရ အမိန့်ထုတ်ပြန်
DVB
·
April 17, 2020
ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့မှာ COVID-19 နဲ့ပတ်သက်ပြီး နောက်ဆက်တွဲပြဿနာဖြေရှင်းနိုင်ဖို့ ကြိုတင်ပြင်ဆင်တဲ့အနေနဲ့ ဧပြီလ ၁၆ ရက်က ကူးစက်ရောဂါဒေသန္တရ အမိန့်ထုတ်ပြန်လိုက်ပါတယ်။
တောင်ကြီးမြို့ပေါ်မှာ လက်ရှိစည်းကမ်းလိုက်နာမှု ရှိပေမယ့် Quarantine center မှာ စည်းကမ်းလိုက်နာမှု မရှိရင် ရောဂါကူးစက်မှုပိုမိုဖြစ်စေတဲ့အတွက် စည်းကမ်းလိုက်နာဖို့ ဒေသန္တရ အမိန့်ထုတ်လိုက်တာပါ။
“တချိုက စည်းကမ်းလျော့ရဲတဲ့အပိုင်းရှိတယ်၊ အဲ့ခါ ကျတော့အရေးယူမယ်၊ ထိန်းသိမ်းမယ်ဆို အမိန့်တွေထုတ်ရမယ်ဆိုရင် နောက်ကျနေမှာ၊ အဲလိုမဖြစ်အောင် အမိန့်တွေကြိုထုတ်မယ်၊ Quarantine center တွေကိုရှင်းပြထားမယ်၊ အုပ်ချုပ်ရေးမှူးကို အသိပေးထားမယ်၊ အဲ့ဒါမှ စည်းကမ်းလိုက်နာမှာ။ စည်းကမ်း မလိုက်နာရင် ရောဂါပိုမိုကူးစက်စေမှာ အဲလိုမဖြစ်စေချင်တဲ့အတွက် ခုလိုကြိုတင်ပြီး ဒေသန္တရ အမိန့်ထုတ်တာ” လို့ တောင်ကြီးမြို့နယ် ကျန်းမာရေးမှူး ဒေါက်တာမိုးထွန်းက ပြောပါတယ်။
တောင်ကြီးမြို့နယ်မှာ လက်ရှိ COVID-19 အတည်ပြု လူနာ ၁ ဦးရှိပြီး Quarantine Centet ၁၃၂ ခု၊ Home Quarantine နဲ့ Community Quarantine ပြုလုပ်ထားသူ ၇၆၀ ဦးရှိပါ တယ်။
တောင်ကြီးစဝ်စံထွန်းဆေးရုံမှာ တက်ရောက်ကုသတဲ့ လူနာ အမှတ် ၂၉ နဲ့ ထိတွေ့တဲ့ မိသားစုတွေရဲ့ ဓာတ်ခွဲအဖြေဟာ negative ဖြစ်တယ်လို့ ဆိုပါတယ်။
လူနာ အမှတ် ၂၉ နေအိမ်ရှိတဲ့ တောင်ကြီးမြို့၊ ညောင်ရွှေဟော်ကုန်းရပ်ကွက်၊ ဥသြလမ်းအပါအဝင် နေရာ သုံးခုကို Lockdown ပြုလုပ်ထားပါတယ်။