Home
မြန်မာသတင်း
ဥက္ကံဆေးရုံက သံသယလူနာ အမျိုးသမီး ၁ ဦးကို မြောက်ဥက္ကလာဆေးရုံသို့ လွှဲပြောင်း
DVB
·
April 14, 2020
93439416_1065258667207175_7122174894921482240_n
ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့နယ်၊ ဥက္ကံမြို့၊ ဥက္ကံတိုက်နယ်ဆေးရုံမှာ ဆေးကုသမှုခံယူနေတဲ့ အသက် ၈၀ ကျော်အရွယ် အမျိုးသမီးတဦးကို COVID-19 သံသယရှိလို့ ဧပြီ ၁၄ ရက်နေ့ မနက် ၁၀ နာရီကျော်က မြောက်ဥက္ကလာပဆေးရုံကြီးကို လွှဲပြောင်း ပို့ဆောင်လိုက်ပါတယ်။ ဥက္ကံတိုက်နယ်ဆေးရုံအုပ်ကြီး ဒေါက်တာ မိုးမိုးအေးက "လူနာက ဥက္ကံမြို့ ဘုရင့်နောင် ရပ်ကွက်မှာ နေထိုင်တဲ့သူဖြစ်ပြီး ဧပြီလ ၁၀ ရက်နေ့က ဆေးရုံတက်တာ။ အိမ်မှာ ဖျားနေပြီး အပြင်ဆေးခန်းမှာပြနေတာ ၇ ရက်ရှိပြီလို့ သိရတယ်။ ဆေးရုံရောက်တော့ အဖျားက ၁၀၀ ရှိတယ်။ အဖျားကြာနေတဲ့အတွက် သူ့ကို သီးခြားဆောင်မှာထားပြီး ဆေးကုသပေးတယ်။ အဖျားကျသွားပြီး နောက်နေ့ ပြန်ဖျားလာတယ်။ ၁၂ ရက်နေ့အထိ အဖျားက အတက်အကျဖြစ်နေလို့ အထက်ကို တင်ပြပြီး လွှဲပြောင်းပေးချင်တယ်လို့ ပြောခဲ့တယ်။ ချက်ခြင်းအကြောင်းမပြန်သေးတဲ့အတွက် စောင့်နေပြီး ညကမှ လွှဲပြောင်းဖို့ အကြောင်းကြားတာနဲ့ ဒီနေ့လွဲပြောင်းပေးလိုက်တာ”လို့ ပြောပါတယ်။ အဆိုပါ အမျိုးသမီးဟာ မတ်လ ၁၉ ရက်က မြေးဖြစ်သူဟာ စင်ကာပူနိုင်ငံက ပြန်လာတာဖြစ်ပြီး နေအိမ်မှာ စောင့်ကြည့် ၁၄ ရက်ခံယူထားပြီးလည်း ဖြစ်တယ်။ သူတို့မြေးအဘွားကို ထိတွေ့တာ မရှိပေမယ့် မိသားစုဝင်တွေ သွားလာတာ၊ အ ဖျားရက်ရှည်တာ၊ နှလုံးရောဂါနဲ့ သွေးတိုးရောဂါတွေရှိတာနဲ့ အသက်အရွယ်ကြီးနေတာ ဖြစ်လို့ လွှဲပြောင်းပို့ဆောင်ခဲ့တာဖြစ်ပြီး ရောဂါရှိမရှိ ဆေးစစ်ချက် အဖြေကိုစောင့်နေဆဲလို့  ဒေါက်တာမိုးမိုးအေး က ပြောပါတယ်။ ဥက္ကံမြို့ COVID-19 စောင့်ကြည့်ထိန်းချုပ်ရေးကော်မတီကတော့ လက်ရှိချိန်မှာ စျေးအတွင်း ဆေးဖျန်းတာတွေ၊ ရပ်ကွက်အတွင်း ဆေးဖျန်းတာတွေပြု လုပ်နေပြီး ကျန်းမာရေးဌာန က ညွှန်ကြားလာရင်တော့ သံသယလူနာနဲ့ ပတ်သက်တာတွေကို လုပ်ဆောင်ပေးဖို့အဆင်သင့် ပြင်ထားတယ်လို့ ပြောပါတယ်။ သတင်း - မေသွယ်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024