Homeမြန်မာသတင်း
မန္တလေးတိုင်း၌ COVID-19 ကြောင့် ထိခိုက်ခဲ့သည့် စီးပွားရေးလုပ်ငန်း ၄၀၀ ကျော် ချေးငွေလျှောက်ထား
မန္တလေးတိုင်း၌ COVID-19 ကြောင့် ထိခိုက်ခဲ့သည့် စီးပွားရေးလုပ်ငန်း ၄၀၀ ကျော် ချေးငွေလျှောက်ထား
DVB
·
April 11, 2020
COVID-19 ဂယက်ကြောင့် ထိခိုက်မှုရှိတဲ့ စီးပွားရေးလုပ်ငန်းတွေကို ချေးငွေလျှောက်ထားခွင့် ပြုရာမှာ မန္တလေးတိုင်းထဲက လျှောက်ထားသူ ၄၁၇ ဦးရှိခဲ့တယ်လို့ တိုင်းဒေသကြီး ကုန်သည်များနဲ့ စက်မှုလုပ်ငန်းရှင်များအသင်းကနေ သိရပါတယ်။
COVID-19 ကြောင့် ထိခိုက်မှုရှိတဲ့ လုပ်ငန်းတွေအတွက် အစိုးရက ကျပ်ဘီလီယံ ၁၀၀ ကို ချထားပေးတာဖြစ်ပြီး တနိုင်ငံလုံး လျှောက်ထားတဲ့ လုပ်ငန်းတွေထဲက ပြန်လည် စိစစ်ရွေးချယ်သွားမှာပါ။
မန္တလေးတိုင်း ကုန်သည်နှင့်စက်မှုလုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဦးဥက္ကာကျော်က “ချေးငွေပိုင်းကတော့ အခုပြီးသွားပြီပေါ့၊ ၄၁၇ ဦး ရှိတယ်။ လျှောက်တဲ့အခါ အခက်အခဲကတော့ သတ်မှတ်ချက်ပေါ့။ သတ်မှတ်ချက်နဲ့ ကိုက်ညီအောင် လုပ်ပေးရတာပေါ့။ SME ဆိုရင်လည်း အချက် ၉ ချက်နဲ့ ကိုက်ညီအောင်၊ လုပ်ငန်းရှင်တွေအတွက်ဆိုရင် အချက် ၁၁ ချက်နဲ့ ကိုက်ညီဖို့ လိုတာပေါ့။ ကိုက်ညီဖို့အတွက် လုပ်ငန်းရှင်တွေအတွက် ပြင်ဆင်ရတဲ့ဟာပဲ ရှိတာပါ" လို့ ပြောပါတယ်။
ချေးငွေ ထုတ်ပေးနိုင်ရေးကို အပိုင်း ၃ ပိုင်း ဆောင်ရွက်မှာဖြစ်ပြီး ချေးငွေလျှောက်လွှာ လက်ခံတာ၊ လျှောက်လွှာတွေကို စိစစ်တာနဲ့ ချေးငွေထုတ်ပေးတာတွေကို ဆောင်ရွက်ပေးမှာ ဖြစ်ပါတယ်။
COVID-19 ကြောင့် ထိခိုက်ခဲ့တဲ့ စီးပွားရေးလုပ်ငန်းတွေထဲက ပထမအသုတ်အဖြစ် လုပ်ငန်း ၈၈ ခုကို COVID-19 Fund ကနေ ကနဦး ချေးငွေထုတ်ချေးသွားမယ်လို့ COVID-19 ကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေးကော်မတီက ဧပြီ ၉ ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။
အဆိုပါလုပ်ငန်းတွေကို အတိုး ၁ ရာခိုင်နှုန်းနဲ့ ၁ နှစ်ကြာ ချေးပေးသွားမှာ ဖြစ်ပါတယ်။ ဒီချေးငွေအတွက် မတ် ၃၀ ရက်နေ့ကနေ ဧပြီ ၉ ရက်နေ့အထိ နောက်ဆုံး လျှောက်ထားခွင့်ပြုခဲ့ပြီး မေလဆန်းပိုင်းလောက်မှာ ချေးငွေရ၊ မရကို သိရမှာဖြစ်ပါတယ်။
ထိန်ထိန်လင်း၊ ဓာတ်ပုံ-MRCCI