ပုသိမ်မြို့ပေါ်တွင် ခိုးမှု၊ လုယက်မှုများ မဖြစ်စေရန် လုံခြုံရေး ပိုမိုတင်းကျပ်
DVB
·
April 11, 2020
ဧရာဝတီတိုင်း၊ ပုသိမ်မြို့ပေါ်မှာ ခိုးမှု၊ လုယက်မှုတွေ မဖြစ်ပေါ်စေရေးအတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့က လုံခြုံရေး ပိုမိုတိုးမြှင့်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
စက်ရုံအလုပ်ရုံတွေနဲ့ ပုံမှန်လည်ပတ်နေတဲ့ လုပ်ငန်းတွေ ရပ်ဆိုင်းသွားတာတွေရှိတာကြောင့် အလုပ်လက်မဲ့တွေ များပြားလာပြီး ရုံးပိတ်ရက်ရှည်လာတာတွေ သွားတိုက်ဆိုင်ချိန်မှာ ခိုးမှု၊ လုယက်မှုတွေ ဖြစ်နိုင်တဲ့အတွက် အခုလို လုံခြုံရေးကို တိုးမြင့်ဆောင်ရွက်တာလို့ ဧရာဝတီတိုင်းဒေသကြီး ဒုတိယတိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီး မျိုးသန့်ကျော်က ပြောပါတယ်။
“ခိုးမှုတွေ၊ လုယက်မှုတွေ အကြမ်းဖက်မှုတွေပေါ့နော်၊ ဒီလိုမျိုးတွေ ဖြစ်ပေါ်နိုင်တာတွေ ရှိတဲ့အတွက် လှည့်ကင်းတွေ၊ ရပ်ကင်းတွေ၊ ဝပ်ကင်းတွေကို ပိုမိုတိုးမြှင့်ပြီး ဆောင်ရွက်နေတာ ရှိပါတယ်။ ဆောင်ရွက်နေတဲ့နေရာမှာ ပုသိမ်မြို့ပေါ်မှာ ၁၅ ရပ်ကွက်ရှိတဲ့အတွက် အပိုင်လိုက်ခွဲပြီး ဆောင်ရွက်နေတာရှိတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။
မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေနဲ့ နိုင်ငံတော်က သတ်မှတ်ထားတဲ့ သင်္ကြန်ရုံးပိတ်ရက်ကာလအားလုံး နားရက်မယူဘဲ အချိန်ပြည့် လုံခြုံရေးကိစ္စတွေ ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။
ပုသိမ်သူပုသိမ်သားအားလုံး တရားဥပဒေစိုးမိုးမှုအောက်မှာ စိတ်အေးချမ်းစွာ နေထိုင်ပြီး COVID ကာလကို အောင်မြင်စွာကျော်ဖြတ်နိုင်ဖို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့နဲ့ပူးပေါင်းပြီး တဦးချင်း ကာကွယ်ရေးကိစ္စတွေ ဆောင်ရွက်သွားကြဖို့လည်း ရဲမှူးကြီးမျိုးသန့်ကျော်က တိုက်တွန်းလိုက်ပါတယ်။