မကွေးမြို့ပေါ် လူစည်ကားသည့် ဈေး ၃ ခု ယာယီပိတ်သိမ်းမည်
DVB
·
April 11, 2020
မကွေးမြို့ပေါ်မှာရှိ လူစည်ကားတဲ့စျေး ၃ ခုကို ဧပြီလ ၁၂ ရက်နေ့ကစတင်ပြီး ယာယီပိတ်သိမ်းထားမယ်လို့ မကွေးမြို့နယ် စည်ပင်သာယာရေးအဖွဲ့က ပြောပါတယ်။
မကွေးမြို့ပေါ်မှာ စျေး ၅ ခု ရှိတဲ့အနက် အဓိက လူစည်ကားတဲ့ မြို့မစျေး၊ ကန်သာစျေးနဲ့ ရန်ပယ်စျေးတို့ကို ယာယီပိတ်သိမ်းထားမှာလို့ မကွေးမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ဒုတိယဦးစီးမှူး ဦးအောင်မျိုးသိန်းက ပြောပါတယ်။
“အဓိကတော့ COVID-19 ရောဂါကြိုတင်ကာကွယ်နိုင်အောင် ပိုးသတ်ဆေးဖျန်း၊ သန့်ရှင်းရေးတွေ ပြုလုပ်ပေးပြီး လူထူထပ်တာကို ရှောင်နိုင်ဖို့အတွက် ပိတ်လိုက်တာပါ။ စျေးပတ်ဝန်းကျင်မှာလည်း စျေးကော်မတီအဖွဲ့နဲ့ စည်းကမ်းထိန်းအဖွဲ့ကို စောင့်ကြည့်ခိုင်းထားပြီး လိုက်နာမှုမရှိရင် ဥပဒေအရ အရေးယူဆောင်ရွက်သွားမှာပါ။ ပိတ်ထားတဲ့ စျေးတွေအနေနဲ့လည်း ဧပြီ ၁၉ ရက်နေ့ပြီးရင် ပြန်လည်ရောင်းချခွင့်ရရှိမှာပါ။ အများပြည်သူ စျေးဝယ်ယူနိုင်အောင် မင်္ဂလာစျေးနဲ့ ရန်ကင်းစျေး ၂ ခုကိုတော့ ဖွင့်လှစ်ပေးထားမှာဖြစ်တယ်။”
မကွေးမြို့နယ် စည်ပင်သာယာရေးအဖွဲ့အနေနဲ့ COVID-19 ရောဂါကြိုတင်ကာကွယ်နိုင်ဖို့ ပြည်သူတွေ လိုက်နာရမယ့် အချက်လက်တွေကိုအသံချဲ့စက်နဲ့ နေ့စဉ် လှည့်လည်ကြော်ငြာပေးနေပြီး မြို့ပေါ်မှာရှိတဲ့ စျေး ၅ ခုကိုလည်း သန့်ရှင်းရေးပြုလုပ်ပေးပြီး ကလိုရင်း ပိုးသတ်ဆေးတွေ ဖျန်းပေးနေတယ်လို့ သိရပါတယ်။
မင်းထီး