လှိုင်သာယာမြို့နယ်ရှိ ကျူးကျော်အိမ်ခြေ ၁၀၀၀ ကို အခြေခံစားကုန်များလှူဒါန်း
DVB
·
April 10, 2020
လှိုင်သာယာမြို့နယ် ရွှေလင်ဗန်းစက်မှုဇုန်ထဲက ကျူးကျော်အိမ်ခြေ ၁၀၀၀ ကို ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ်ရဲ့ ဇနီးဖြစ်သူ ဦးဆောင်ပြီး We Love Yangon အဖွဲ့နဲ့ စက်ရုံလုပ်ငန်းရှင်တွေက အခြေခံစားသောက်ကုန်တွေ မနေ့က သွားရောက် လှူဒါန်းခဲ့ပါတယ်။
ဧပြီ ၁၀ ရက်မှ ဧပြီ၁၉ ရက်အထိ အစားအသောက်နဲ့ ဆေးဝါး၀ယ်ယူတာကလွဲလို့ နေအိမ်အပြင် မထွက်ကြဖို့ အစိုးရက ညွှန်ကြားထားတာမို့ ဒီကာလမှာ အပြင်ထွက်စရာမလိုအောင် ဧပြီ ၉ ရက်နေ့မှာ ကျူးကျော်မိသားစု ၁၀၀၀ကို အခြေခံစားသောက်ကုန်တွေ လှူဒါန်းတာလို့ We Love Yangon ရဲ့ ဥက္ကဋ္ဌ ဒေါ်သန်းမြင့်အောင်က ပြောပါတယ်။
“အလှူရှင်တွေလည်း တစ်ဘက်က ကုသိုလ်ရမယ်။ ဒီရပ်ကွက်မှာရှိတဲ့ ပြည်သူတွေလည်းပဲ ကိုဗစ်-၁၉ ရောဂါကာကွယ်ဖို့အတွက် လူထူထပ်တဲ့နေရာကို များများမသွားဖို့လိုတယ်။ အ ထူးသဖြင့်တော့ လမ်းပေါ်ကိုမထွက်ရင်ကို အကောင်းဆုံးပဲ။ ဒါကြောင့်သူတို့ရဲ့ မီးဖိုချောင်ကို ရိက္ခာ လေးကို ဖြည့်တင်းပေးတဲ့သဘောနဲ့လုပ်တာပါ” လို့ ဒေါ်သန်းမြင့် အောင်ကပြောပါတယ်။
ကိုဗစ်-၁၉ ရောဂါကိုပြည်သူတွေ ဆင်ခြင်ပြီးအသိတရားရှိမှာသာ ကာကွယ်နိုင်မှာဖြစ်သလို အလှူရှင်တွေအနေနဲ့လည်း ဝိုင်း၀န်းကူညီဖြည့်တင်းပေးတာလို့ ဆိုပါတယ်။
မနေ့က လှိုင်သာယာမြို့နယ် ရွှေလင်ဗန်းစက်မှုဇုန် မက္ခရာမင်းသားကြီးလမ်းက ကျူးကျော်အိမ်ခြေ ၁၀၀၀ ကို အခြေခံစားသောက်ကုန်တွေဖြစ်တဲ့ ဆန်၊ ဆီ၊ နွားနို့ ၊ ကြက်ဥ စတဲ့ စားသောက်ကုန်တွေကို လှူဒါန်းခဲ့တာပါ။
ဇာခြည်