COVID-19 ကူးစက်ခံ ကလေး ၃ ယောက်ကို မိခင်ရှိရာ ဝေဘာဂီဆေးရုံသို့ ပို့ဆောင်
မင်းညို
·
April 9, 2020
ပြည်မြို့ဆေးရုံမှာ တက်ရောက်ဆေးကုသမှုခံယူနေရတဲ့ ပေါက်ခေါင်းမြို့က COVID-19 ကူးစက်ခံ အတည်ပြုလူနာ ကလေး ၃ ယောက်ကို သူ့တို့ရဲ့ မိခင် (အတည်ပြုလူနာ အမှတ် ၁၅) ရှိရာ ရန်ကုန်မြို့ရှိ ဝေဘာဂီဆေးရုံကို ဧပြီ ၈ ရက်ညက ပို့ဆောင်လိုက်ပြီဖြစ်ပါတယ်။
ပေါက်ခေါင်းမြို့က ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရတဲ့ မိသားစုထဲက ဖခင်ဖြစ်သူ ပေါက်ခေါင်း ဒုမြို့နယ်အုပ်ချုပ်ရေးမှူးဟာ မနေ့ မနက်က သေဆုံးသွားတာကြောင့် ဝေဘာဂီဆေးရုံမှာ ဆေးကုသမှုခံယူနေရတဲ့ COVID လူနာ မိခင်ဖြစ်သူ ရှိရာကို ကလေးတွေ ရောက်ရှိလာတာပါ။
ပြည်မြို့ဆေးရုံမှာလည်း ကိုဗစ်လူနာတွေအတွက် လိုအပ်တဲ့ကုသမှုတွေ လုပ်ပေးနိုင်ပေမဲ့ ဖခင်မရှိတော့တဲ့အတွက် ကလေးတွေအတွက်စဉ်စားပြီး သူတို့အမေရှိတဲ့နေရာကို ပို့ဖို့ ဝန်ကြီးဌာနကလည်း ဆုံးဖြတ်တဲ့အတွက် အမြန်ပို့ဆောင်လိုက်တာလို့ ပြည်မြို့ ကုတင် ၅၀၀ ဆေးရုံမှ ဒုတိယ ဆေးရုံအုပ်ကြီး ဒေါက်တာဒေါ်သီတာစိုးက ပြောပါတယ်။
ဖခင်ဖြစ်သူသေဆုံးတဲ့အကြောင်းကိုတော့ သူ့သားနဲ့ သမီးကိုအသိပေးမထားတဲ့အကြောင်းနဲ့ အခုလည်း မိခင်ရှိရာ ရန်ကုန်မြို့ကို ရွေ့ပြောင်းပေးမှာလို့ ကလေးတွေကို ပြောထားကြောင်း ပြည်ဆေးရုံကြီးက သိရပါတယ်။
ကလေးတွေကို ဆေးရုံပြောင်းရွှေ့ဖို့ ပြည်မြို့က မိုးမေတ္တာနာရေးကူညီမှု အသင်းသားတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေ၊ ပြည်ဆေးရုံကဝန်ထမ်းတွေရဲ့အကူအညီနဲ့ ဆရာဝန်သူနာပြုတွေနဲ့ အတူ ကား ၄ စီးနဲ့ လိုက်လံပို့ဆောင်ခဲ့တာဖြစ်ပါတယ်။
ကျန်ရစ်တဲ့မိသားစုဝင်တွေကို ဝေဘာဂီဆေးရုံကို ပို့ပေးဖို့ မိခင်ဖြစ်သူကလည်း ဆန္ဒရှိနေတယ်လို့လည်း သိရပါတယ်။
နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်ကလည်း ပြည်ဆေးရုံမှာ တက်ရောက်နေတဲ့ မိသားစုဝင်တွေရဲ့ ကျန်းမာရေးအခြေအနေ ကောင်းမွန်ပြီး ခရီးသွားဖို့ ခွင့်ပြုနိုင်တယ်ဆိုရင် လူမှုရေးရှုထောင့်အရ သူ့တို့မိခင် တက်ရောက်ကုသနေတဲ့ ဝေဘာဂီဆေးရုံကို ပြောင်းရွှေ့ပေးဖို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနကို ညွှန်ကြားခဲ့ပါတယ်။
ကွယ်လွန်သူ ပေါက်ခေါင်းမြို့နယ် ဒုအုပ်ချုပ်ရေးမှူးဟာ ရန်ကုန်မြို့က ဆေးခန်းတခုမှာ ကျန်းမာရေးဝန်ထမ်းအဖြစ် လုပ်ကိုင်တဲ့ ဇနီးဖြစ်သူ COVID-19 အတည်ပြုလူနာ အမှတ် ၁၅ နဲ့ ထိစပ်မှုကြောင့် ရောဂါကူးစက်ခံခဲ့ရတာပါ။
သူနဲ့အတူ COVID-19 ကူးစက်ခံရတဲ့ မိသားစုဝင်တွေဖြစ်တဲ့ သား၊ သမီးနဲ့ တူမကတော့ ကျန်းမာရေး အခြေအနေ ကောင်းမွန်တယ်လို့ သိရပါတယ်။