ဂျပန်နိုင်ငံတွင် မြို့တော်တိုကျိုအပါအဝင် ခရိုင် ၆ ခုကို အရေးပေါ်အခြေအနေကြေညာ
ဇော်ဇော်လှိုင်
·
April 7, 2020
ဂျပန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါဖြစ်ပွားနေတာကြောင့် မြို့တော်တိုကျိုအပါအဝင် ခရိုင် ၆ ခုကို ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက ဒီကနေ့ အရေးပေါ်အခြေအနေကြေညာလိုက်ပါတယ်။
မကြာသေးခင်ကမှ အတည်ပြုပြဋ္ဌာန်းခဲ့တဲ့ ဥပဒေအပေါ် အခြေခံပြီး ဝန်ကြီးချုပ် ရှင်ဇို အာဘေး ဦးဆောင်တဲ့ ဂျပန်အစိုးရဟာ ဧပြီလ ၇ ရက်ကနေ မေလ ၆ ရက်အထိ အရေးပေါ်အခြေအနေကာလအဖြစ် ကြေညာလိုက်ပါတယ်၊၊
ကိုရိုနာဗိုင်းရပ်စ် ဂျပန်နိုင်ငံတွင်းကူးစက်ပြန့်ပွားမှု မြင့်တက်လာတဲ့အတွက် ကျွမ်းကျင် အကြံပေးအဖွဲ့ရဲ့ သဘောထားအမြင်ကိုရယူပြီးကြေညာခဲ့တာလို့လည်းဝန်ကြီးချုပ် ရှင်ဇို အာဘေးက ပြောပါတယ်။
အဲဒီကြေညာချက်ဟာ တခြားနိုင်ငံတွေနဲ့မတူပဲ ခရိုင်အုပ်ချုပ်ရေးမှူးတွေအနေနဲ့ ဒေသခံတွေ ကို မဖြစ်မနေကိစ္စကလွဲပြီး အပြင်ထွက်တာမျိုးကို မလုပ်ကြဖို့ တောင်းဆိုစေတာဖြစ်တယ်လို့လည်း ဝန်ကြီးချုပ်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။
အရေးပေါ် အခြေအနေဟာ တိုကျို၊ ခါနာ့ဂါဝါ့၊ စိုင်းတမာ့၊ ချိဘာ့၊ အိုဆကာ၊ ဟျိုးဂိုးနဲ့ ဖူကုအိုကား ခရိုင်တွေမှာသက်ရောက်ပြီး နေ့စဉ်အိမ်သုံး အရောင်းစူပါမားကတ်တွေ၊ ဆေးရုံနဲ့ ဆေးဝါးပစ္စည်းဆိုင်တွေ၊ ဘဏ်တွေနဲ့ သယ်ယူ ပို့ဆောင်ရေးတွေကတော့ ပုံမှန်ဖွင့်လှစ်သွားမှာ ဖြစ်ပါတယ်၊၊
ညလုံးပေါက်နိုက်ကလပ်၊ ကာရာအိုကေစားသောက်ဆိုင်၊ လူစုလူဝေး အခမ်းအနားတွေနဲ့ ရုပ်ရှင်ရုံတွေကို တော့ပိတ်ပင်လိုက်ပါတယ်။
ဒီနေ့အထိ ဂျပန်နိုင်ငံအတွင်း ကိုရိုနာဗိုင်းရပ်စ်သစ်ကူးစက်ခံရသူ ၄၁၀၇ ဦးရှိပြီး သေဆုံးသူ ၉၇ ဦးနဲ့ဆေးရုံဆင်းသူ ၅၉၂ ဦးရှိပါတယ်။
ဓာတ်ပုံ- KYODO