ကွတ်ခိုင်မြို့နယ်တွင် ငွေကျပ် ၁၈ ဘီလီယံကျော်တန်ဖိုးရှိသည့် မူးယစ်ဆေးများ ထပ်မိ
DVB
·
April 7, 2020
ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်မှာ ငွေကျပ် ၁၈ ဘီလီယံကျော် တန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါးတွေ ထပ်မံသိမ်းဆည်းရမိတယ်လို့ တပ်မတော်က သတင်းထုတ်ပြန်ပါတယ်။
ဧပြီ ၄ ရက်နေ့က ကွက်ခိုင်မြို့နယ်အတွင်းမှာ လုံခြုံရေးဆောင်ရွက်နေတဲ့ တပ်ဖွဲ့ဝင်တွေက လွယ်ခမ်ကျေးရွာမှာရှိတဲ့ ဦးလောက်စိမ်းရဲ့နေအိမ်ကို ဝင်ရှာတဲ့အခါမှာ ထင်းပုံအတွင်းက ငွေကျပ် ၁ ဘီလီယံတန်ဖိုးရှိတဲ့ စိတ်ကြွဆေးပြားတွေကို သိမ်းဆည်းရမိခဲ့တာပါ။
အလားတူ အဲဒီကျေးရွာမှာရှိတဲ့ လောလုံရဲ့ အိမ်ကို ရှာဖွေရာမှာ ငွေကျပ် ၁၇ ဘီလီယံ တန်ဖိုးရှိတဲ့ စိတ်ကြွဆေးပြားတွေနဲ့ ဘိမ်းစိမ်းနဲ့ ဘိမ်းညိုမှုန့် တွေကို သိမ်းဆည်းရမိခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။
ကွတ်ခိုင်မြို့နယ်အတွင်းမှာ ဖေဖေါ်ဝါရီ ၂၈ ရက်ကနေ ဧပြီ ၆ ရက်အထိ မူးယစ်ဆေးဝါးနဲ့ ဆက်စပ် ပစ္စည်း စုစုပေါင်း တန်ဖိုးငွေ ၄၁၂ ဘီလီယံကျော်ဖိုး ဖမ်းဆီးရမိခဲ့တယ်လို့ တပ်မတော် သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။
ဓာတ်ပုံ- CINCDS