မြောက်ဥက္ကလာပမြို့နယ်အတွင်းရှိ ဈေးများပိတ်မည့်သတင်း မဟုတ်မှန်ဟု လွှတ်တော်အမတ်ပြော
DVB
·
April 5, 2020
ရန်ကုန်မှာ လက်ရှိအချိန်အထိ ဈေးတွေပိတ်ဖို့ ညွှန်ကြားထားတာမရှိတာကြောင့် မြောက်ဥက္ကလာပမြို့နယ်ထဲက ဈေးတွေကို ပိတ်မယ်ဆိုတာ သတင်းအမှားသာ ဖြစ်တယ်လို့ မြောက်ဥက္ကလာပမြို့နယ် တိုင်းဒေသကြီး လွှတ်တော်အမတ်ဦးဇော်လွင်က ပြောပါတယ်။
လူနာနံပါတ် ၁၆ ဟာ မြောက်ဥက္ကလာပမြို့နယ်ထဲမှာ လျှောက်သွားခဲ့တယ်ဆိုတဲ့ သတင်းအမှားကြောင့် ဈေးတွေကိုပိတ်မှာ မဟုတ်ဘဲ ကျန်းမာရေးကာကွယ်မှုအရ ဈေးတွေကို သန့်ရှင်းရေးအစီအစဉ်တွေပဲ လုပ်သွားမယ်လို့ ဆိုပါတယ်။
ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ လူနာနံပါတ် ၁၆ ဟာ သမိုင်းလမ်းဆုံကို သွားခဲ့တယ်ဆိုတဲ့အချက်ပဲရှိတဲ့အပြင် လူနာနဲ့ နီးစပ်သူတွေအားလုံးကို ကျန်းမာရေး စောင့်ကြည့်မှုတွေ လုပ်ကိုင်နေတာကြောင့် စိတ်ပူစရာမလိုဘူးလို ဆိုပါတယ်။
လူနာနံပါတ် ၁၆ ကို ကုသခဲ့တဲ့ ဆရာဝန်၊ ဆရာမတွေအားလုံးနဲ့ လူနာရဲ့သားဖြစ်သူကို ကနဦးဆေးစစ်ချက်တွေအရ ကိုရိုနာရောဂါပိုး မတွေ့ရတဲ့အတွက် ဗိုင်းရပ်စ် ဆက်လက် ကူးစက်ပြန့်ပွားနိုင်ခြေလည်း နည်းပါးနေတယ်လို့ ဆိုပါတယ်။
ကျန်းမာရေးဝန်ကြီးဌာနက ကိုရိုနာဗိုင်းရပ်စ် အတည်ပြလူနာတွေ သွားလာခဲ့တဲ့ နေရာတွေကိုလည်း ထိတွေ့ဆက်စပ်ခဲ့သူတွေ သိရှိနိုင်စေဖို့ ကျန်းမာရေးဝန်ကြီးဌာနက ဧပြီ ၄ ရက်နေ့မှာ ထုတ်ပြန်ပေးထားပါတယ်၊
ပြည်သူတွေအနေနဲ့ https://www.mohs.gov.mm/Main/content/page/covid-19-contact ကို ဝင်ရောက်ကြည့်ရှုပြီး အတည်ပြုလူနာတွေနဲ့ ပတ်သက်ထိတွေ့ခဲ့လားဆိုတာ ကိုယ်တိုင် ဆန်းစစ်နိုင်ပြီး သက်ဆိုင်ရာကို သတင်းပေးပို့နိုင်မှာ ဖြစ်ပါတယ်။