ဘားအံဆေးရုံကြီးတွင် စောင့်ကြည့်လူနာ ၄ ဦး ထပ်မံရောက်ရှိ
DVB
·
April 4, 2020
ကရင်ပြည်နယ်၊ ဘားအံပြည်သူဆေးရုံကြီးမှာ ဧပြီ ၄ ရက် မနက်ပိုင်းက COVID-19 စောင့်ကြည့်လူနာ ၄ ဦးထပ်မံ ရောက်ရှိလာပြီး ဓာတ်ခွဲအဖြေကို ရန်ကုန်အမျိုးသားကျန်းမာရေး ဓာတ်ခွဲဌာနကို ပေးပို့ထားတယ်လို့ ဆေးရုံအုပ်ကြီး ဒေါက်တာဘရမ်အောင်က ပြောပါတယ်။
အဆိုပါ COVID-19 စောင့်ကြည့်လူနာ ၄ ဦးဟာ ထိုင်းနိုင်ငံကနေ ပြန်လည်ဝင်ရောက်လာတာဖြစ်ပြီး စောင့်ကြည့်လူနာအနေနဲ့ သီးသန့်ထားရှိကာ စစ်ဆေးကုသပေးနေပြီး ကျန်းမာရေးကောင်းမွန်တယ်လို့ ဆိုပါတယ်။
ဘားအံပြည်သူဆေးရုံကြီး၊ ဆေးရုံအုပ်ကြီး ဒေါက်တာ ဘရမ်အောင်က “ထပ်ပို့ထားတဲ့လူနာ ၄ ယောက်ရှိတယ်။ ဒါပေမဲ့ သံသယလူနာတော့ မဟုတ်ဘူး။ ထိုင်းနိုင်ငံက ပြန်ဝင်လာတဲ့သူတွေ။ ဘားအံမြို့နယ်ထဲကပဲ” လို့ ပြောပါတယ်။
ဧပြီ ၃ ရက်နေ့ထိ ဘားအံဆေးရုံကြီးမှာ COVID-19 စောင့်ကြည့်နေတဲ့ လူနာအားလုံး အမျိုးသားကျန်းမာရေးဓာတ်ခွဲခန်းက ပြန်လည်ပေးပို့တဲ့အဖြေအရ ရောဂါပိုးမတွေ့ရှိတဲ့အတွက် ဆေးရုံကနေ ဆင်းခွင့်ပြုလိုက်ပြီလို့ ဆေးရုံအုပ်ကြီးက ဆိုပါတယ်။
ဘားအံခရိုင်အတွင်း ထိုင်းနိုင်ငံကနေ မြဝတီမြို့နယ်စပ်ကို ဖြတ်ကျော်ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသားတွေကို COVID-19 စောင့်ကြပ်ကြည့်ရှုရေး (Quarantine Center) နေရာ ၁၁ ခုမှာ ဧပြီ ၃ ရက်နေ့ မနက်ပိုင်းအထိ ကျန်းမာရေးစောင့်ကြည့်ခဲ့ရာ သံသယလူနာ ၂ ဉီးနဲ့ စောင့်ကြည့်လူနာ ၇ ဦးတွေ့ရှိထားပြီး ကျန်းမာရေးကောင်းမွန်တယ်လို့ ခရိုင်အုပ်ချုပ်ရေးမှူးက ပြောပါတယ်။
ဒါ့အပြင် ပြန်လည်ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသားတွေကို ကျေးရွာအုပ်ချုပ်ရေးမှူးတွေရဲ့ အစီအစဉ်နဲ့ ကျေးရွာတွေမှာရှိတဲ့ စာသင်ကျောင်း၊ ဆေးပေးခန်း၊ သာသနိကအဆောင်အဦတွေမှာ ၁၄ ရက် စောင့်ကြည့်မှုတွေ ပူးပေါင်းဆောင်ရွက်နေတယ်လို့ တာဝန်ရှိသူက ပြောပါတယ်။
ရဲမင်းခေါင်