Home
မြန်မာသတင်း
ပုလဲမြို့နယ်တွင် COVID-19 ညွှန်ကြားချက် မလိုက်နာသူကို ထောင်ဒဏ် ၆ လ ချမှတ်
Aung Ko Latt
·
April 3, 2020
COVID-19 Quarantine Camp 1 Pearl Town 2
COVID-19 Quarantine Camp 1 Pearl Town
ပုလဲမြို့နယ်မှာ ကိုဗစ်ကာကွယ်ထိန်းချုပ်ရေး လုပ်ဆောင်နေတာကို ဝတ္တရားနှောင့်ယှက်တဲ့ လူနှစ်ဦးကို ဖမ်းဆီးထားပြီး အမိန့်ညွှန်ကြားချက်မလိုက်နာတဲ့ နေရပ်ပြန် ၁ ဦးကို ထောင်ဒဏ် ၆ လ ချမှတ်ခဲ့တယ်လို့ သိရပါတယ်။ စစ်ကိုင်းတိုင်း၊ ပုလဲမြို့၊ အထက်တန်းကျောင်းမှာ နေရပ်ပြန်လာသူတွေကို သီးသန့်စောင့်ကြည့်စခန်း ဖွင့်လှစ်ထားပါတယ်။  မတ်လ ၃၁ ရက်နေ့က သီးသန့်စောင့်ကြည့်စခန်းကို ရောက်ရှိလာတဲ့ အသက် ၂၈ နှစ်အရွယ် မင်းနိုင်ဆိုသူက ထိုင်းနိုင်ငံကနေ ပြန်လည်ရောက်ရှိလာခဲ့ပြီး သီးသန့်စခန်းမှာ နေစဉ် ကိုဗစ်ကာကွယ်ရေး လုပ်ဆောင်နေသူတွေကို ရန်ရှာတာ၊ အမိန့်ညွှန်ကြားချက်တွေ မလိုက်နာတာတွေ ပြုလုပ်ခဲ့တဲ့အတွက် မြို့နယ်ထွေအုပ်က တရားလိုပြုလုပ်ကာ ဧပြီလ ၁ ရက်နေ့က မြို့မရဲစခန်းမှာ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေနဲ့ အမှုဖွင့်ခဲ့ပါတယ်။  ဒီအမှုကိုတော့ မြို့နယ်တရားရုံးက အပြစ်ရှိကြောင်းထင်ရှားလို့ဆိုပြီး ဧပြီလ ၂ ရက်နေ့မှာ ထောင်ဒဏ် ၆ လ ချမှတ်ခဲ့ပါတယ်။  ဒါ့အပြင် ပုလဲမြို့နယ်အတွင်းက နှောရိုးကျေးရွာမှာ စေတနာ့ဝန်ထမ်းတွေ၊ တာဝန်ရှိသူတွေက ကာကွယ်ဆေးဖျန်းလုပ်ငန်းတွေ လုပ်ကိုင်နေချိန်မှာ အမျိုးသားတဦးက ဝတ္တရားနှောင့်ယှက်မှု ပြုလုပ်ခဲ့ပြီး ကြာစည်ကျေးရွာမှာလည်း မူးယစ်ရမ်းကားသူတဦးက ကိုဗစ်ကာကွယ်ရေး လုပ်နေသူတွေကို ဝတ္တရားနှောင့်ယှက်ခဲ့တာကြောင့် ၂ ဦးစလုံးကို ဖမ်းဆီးထားတယ်လို့ သိရပါတယ်။ ပုလဲမြို့နယ် တိုင်းဒေသကြီးကိုယ်စားလှယ် ဦးဇော်ထက်က “ထိုင်းက ပြန်လာတဲ့သူက စာသင်ကျောင်း Quarantine မှာထားပြီး ကျန်တဲ့ လူ ၅၀ လောက်နဲ့အတူ စောင့်ကြည့်တာပေါ့။ အဲဒါမှာ စည်းကမ်းမလိုက်နာဘဲ ရန်ပြုတာတွေလုပ်လို့ မြို့နယ်အုပ်ချုပ်ရေးမှုးက အမှုဖွင့်ပြီး အပြစ်ပေးတာပေါ့။ နောက်ထပ် ၂ ယောက်ကလည်း ဝတ္တရားနှောင့်ယှက်လို့ အချုပ်ထဲ ထည့်ထားတာ။ သူတို့ကိုတော့ တောင်းပန်ပြီး ခံဝန်လက်မှတ်ထိုးပေါ့။ မတောင်းပန်ဘူး။ ခံဝန်မထိုးနိုင်ဘူးဆိုရင် အမှုဖွင့်မှာပေါ့။ သူတို့ကတော့ Quarantine လုပ်တဲ့ထဲ မပါတဲ့သူတွေ ဖြစ်နေတယ်။ လောလောဆယ်တော့ ရမန်ယူထားတယ်” လို့ ပြောပါတယ်။ ပုလဲမြို့နယ်မှာ တရုတ်၊ ထိုင်းတို့ကနေ နေရပ်ပြန်လာသူ အနည်းဆုံး ၇၀၀ ဝန်းကျင်ရှိပြီး ရွာအလိုက်၊ ဒေသအလိုက် သီးသန့်ခွဲထားကာ စောင့်ကြည့်တာတွေ ပြုလုပ်နေကြပါတယ်။  ဒါပေမဲ့ ကျေးရွာတွေအတွက်၊ ကျေးလက်ကျန်းမာရေးဝန်ထမ်းတွေအတွက် သာမိုမီတာ အခက်အခဲလည်း ရှိနေတယ်လို့ ဆိုပါတယ်။ သာမိုမီတာက ငွေရှိပေမယ့် ဝယ်ယူဖို့ ခက်ခဲတာ၊ ရှိတဲ့ တချို့ကလည်း အရည်အသွေးမကောင်းတာတွေ ဖြစ်နေတယ်လို့ ဆိုပါတယ်။ လက်ရှိအချိန်ထိတော့ ပုလဲမြို့နယ်မှာ သံသယလူနာ မရှိသေးပါဘူး။ စစ်ကိုင်းတိုင်းမှာ ကိုရိုနာဗိုင်းရပ်စ်နဲ့ပတ်သက်တဲ့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ တိုင်းအစိုးရ၊ ဒေသအာဏာပိုင်တွေရဲ့ အမိန့်ညွှန်ကြားချက်တွေကို မလိုက်နာလို့ အရေးယူတာတွေ အနည်းဆုံး ၆ ဦးထက်မနည်း ရှိနေပြီ ဖြစ်ပါတယ်။  Quarantine စခန်းကနေ ထွက်ပြေးတဲ့ ရေဦးက စောင့်ကြည့်သူ ၁ ဦး၊ ရပ်ကျေးအုပ်ချုပ်ရေးမှုးကို ကိုယ်ထိလက်ရောက်ပြုမူတဲ့ အရာတော်မြို့နယ်က အမျိုးသား ၁ ဦး၊ ဝက်လက်မြို့နယ်က စောင့်ကြည့်သူ ၁ ဦးတို့ကို သက်ဆိုင်ရာက အမှုဖွင့် အရေးယူထားပါတယ်။ ဒါ့အပြင် ယင်းမာပင်မြို့နယ်မှာလည်း ဧပြီ ၂ ရက်နေ့က အမိန့်ညွှန်ကြားချက် rလိုက်နာတဲ့ အသက် ၃၄ နှစ်အရွယ် ကိုဇော်ဝင်းနဲ့ အသက် ၃၃ နှစ်အရွယ် ကိုဇင်မောင်မောင်တို့ကို ဒုမြို့နယ်အုပ်ချုပ်ရေးမှုးက အမှုဖွင့်ထားပါတယ်။  ဒါ့အပြင် တမူးမြို့နယ်မှာ တားမြစ်ချက်ကို မလိုက်နာဘဲ မင်္ဂလာဆောင်ခဲ့တဲ့ သတို့သားကိုလည်း အမှုဖွင့် အရေးယူတာတွေ ရှိခဲ့ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024