Home
မြန်မာသတင်း
COVID-19 ၁၅ ယောက်မြောက် လူနာ၏ မိသားစုကို ပေါက်ခေါင်းမြို့၌ Home Quarantine လုပ်စောင့်ကြည့်နေ
မင်းညို
·
April 2, 2020
download
ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကူးစက်ခံနေရတဲ့  ၁၅ ယောက်မြောက် လူနာ အမျိုးသမီးရဲ့ မိသားစုဝင်တွေကို ပဲခူးတိုင်းဒေသကြီး ပေါက်ခေါင်းမြို့က နေအိမ်မှာ အသွားအလာကန့်သတ် စောင့်ကြပ်  Quarantine လုပ်လိုက်ပါတယ်။ ပြီးခဲ့တဲ့ မတ်လ ၃၁ ရက်က COVID -19 ရောဂါရှိကြောင်းအတည်ပြုထားတဲ့ ၁၅ ယောက်မြောက် လူနာနဲ့ ထိတွေ့ပတ်သက်ခဲ့ပြီး မိသားစုဝင်ဖြစ်တဲ့ ပေါက်ခေါင်းမြို့မှာ နေထိုင်သူ၊ ပေါက်ခေါင်းမြို့နယ်ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးနဲ့ သူ့မိသားစုဝင် ၃  ယောက် တို့ကို ဒီနေ့ မနက်ကစပြီး Home Quarantine လုပ်ထားလိုက်တာပါ။ သူတို့မိသားစုတွေအတွက် လိုအပ်တာတွေကိုတော့ ပြည်သူ့ကျမ်းမားရေးဌာန၊ ပရဟိတ အဖွဲ့တွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေက ကူညီပေးထားပါတယ်။ ၁၅ ယောက်မြောက် ပိုးတွေ့လူနာဟာ ရန်ကုန်မြို့က နိုင်ငံခြားသားတွေကို ကျန်းမာရေး ဝန်ဆောင်မှုပေးတဲ့ ပုဂ္ဂလိက ဆေးခန်းတခုမှာ အလုပ်လုပ်ကိုင်နေတဲ့ အမျိုးသမီး တဦးဖြစ်ပြီး သူ့အမျိုးသားက ပေါက်ခေါင်းမြို့နယ် ဒုတိယအုပ်ချုပ်ရေးမှူး တယောက်ဖြစ်ပါတယ်။ လူနာနဲ့ထိတွေ့ခဲ့တဲ့ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးဟာ မတ်လ ၂၈ ရက်က ပေါက်ခေါင်းမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှာ  COVID-19 ရောဂါ ကာကွယ်ကူညီရေး အစည်းအဝေးကိုလည်း ကိုယ်တိုင်တက်ရောက်ခဲ့တဲ့အပြင် အစည်းအဝေးမှာ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ဋ ဌာနဆိုင်ရာတွေ စုစုပေါင်း လူ ၂၀ လောက် တက်ရောက်ခဲ့သေးတယ်လို့ ပေါက်ခေါင်းမြို့နယ် လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းနိုင်က ပြောပါတယ်။ အခုစောင့်ကြည့်ခံရသူမိသားစုမှာ ၉ နှစ်အရွယ်သမီး တဦး ၁၁ နှစ်အရွယ်သားနဲ့ ၁၈ နှစ်အရွယ် တူမ တို့ပါဝင်ပြီး သူတို့ရဲ့ လည်ချောင်းတို့ပတ်၊အာခေါင်တို့ပတ်တွေကိုတော့ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) NHL ဓါတ်ခွဲခန်းကို ဧပြီ ၁ ရက်က  ပို့လိုက်ပြီလို့ ပေါက်ခေါင်းမြို့နယ်ဆေးရုံအုပ်ကြီး  ဒေါက်တာသိမ့်သိမ့်ထွန်းက ပြောပါတယ်။ ပဲခူးတိုင်းအနောက်ခြမ်းက အုပ်ဖိုမြို့နယ်မှလည်း  ၈ ယောက်မြောက် COVID-19 လူနာနဲ့ တိုက်ရိုက်ထိတွေ့ခဲ့သူနဲ့ မိသားဝင် ၈ ယောက်တို့ ဧပြီ ၁ ရက်နေ့မှာပဲ နေအိမ်မှာ Home Quarantine လုပ် အသွားအလာ ကန့်သတ်ထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024