Homeမြန်မာသတင်း
မြန်မာနိုင်ငံသို့ ပြန်လာမည့်သူများ ဧပြီ ၁၅ ရက် နောက်ပိုင်းမှ ပြန်ဝင်ကြရန် အစိုးရပန်ကြား
မြန်မာနိုင်ငံသို့ ပြန်လာမည့်သူများ ဧပြီ ၁၅ ရက် နောက်ပိုင်းမှ ပြန်ဝင်ကြရန် အစိုးရပန်ကြား
DVB
·
March 31, 2020
မြန်မာနိုင်ငံထဲကို နယ်စပ်ဂိတ်တွေကတဆင့်ပြန်ဝင်ရောက်မယ့်သူတွေအနေနဲ့ ဧပြီ ၁၅ ရက် နောက်ပိုင်းမှ ပြန်ဝင်လာကြဖို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပန်ကြားလိုက်ပါတယ်။
နယ်စပ်ဂိတ်တွေကနေ အစုလိုက်အပြုံလိုက် ပြန်လည်ဝင်ရောက်လာသူ အချင်းချင်းကြားမှာ ကူးစက်တာကနေ ပြည်တွင်းမှာ နေထိုင်သူတွေဆီကို ရောဂါကူးစက်ပြန့်ပွားပြီး ကပ်ရောဂါကြီး ဖြစ်ပွားဖို့ အလားအလာ အင်မတန်များနေတာကြောင့်လို့ မနေ့က ရက်စွဲနဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒါကြောင့် နယ်စပ်ဂိတ်တွေကနေ ပြည်တွင်းကို ပြန်လည်ဝင်ရောက်လာသူအားလုံးကို သူတို့ရဲ့ နေရပ်ကို တိုက်ရိုက်ပြန်ခွင့်ပြုမှာမဟုတ်တော့ဘဲ အစိုးရစီစဉ်ထားတဲ့ သတ်မှတ်နေရာတွေမှာပဲ ၁၄ ရက်ကြာ ထိန်းချုပ် ကန့်သတ်စောင့်ကြည့်တာကို ခံယူကြရမယ်လို့ ဆိုပါတယ်။
ဒါပေမယ့် အစိုးရအနေနဲ့ နောက်ထပ်ဝင်လာမယ့်သူတွေအတွက် ထိန်းချုပ်ကန့်သတ်စောင့်ကြည့်မှု (Quarantine) လုပ်ဖို့ နေရာထိုင်ခင်းတွေ ထပ်ပြီး တိုးချဲ့စီစဉ်ဆောင်ရွက်နေတုန်းဖြစ်တာကြောင့် ပြန်ဝင်လာမယ့်သူတွေအနေနဲ့ နောက်ထပ် နှစ်ပတ်လောက်စောင့်ဆိုင်းပြီး ဧပြီ ၁၅ ရက် နောက်ပိုင်းမှာ ပြန်ဝင်ကြဖို့ ပန်ကြားထားတာပါ။
မြန်မာနိုင်ငံမှာ ဒီနေ့အထိ COVID-19 အတည်ပြုလူနာ ၁၄ ဦးရှိပြီး မင်္ဂလာတောင်ညွန့်မြို့နယ် ၁၀၁ လမ်းမှာနေထိုင်တဲ့ COVID-19 ကူးစက်ခံ လူနာအမှတ် ၅ ကတော့ ဒီနေ့မနက်ပိုင်း သေဆုံးသွားပြီလို့ သိရပါတယ်။