ဗိုလ်အောင်ကျော်လမ်းရှိ City Hotel တွင် နိုင်ငံခြားသား ၁၀၀ ကျော်ကို စောင့်ကြည့်
နေလင်းအောင်
·
March 28, 2020
ရန်ကုန်မြို့၊ ဗိုလ်အောင်ကျော်လမ်းရှိ City Hotel မှာ အသွားအလာ ကန့်သတ် စောင့်ကြည့်ထားတဲ့ နိုင်ငံခြားသား အယောက် ၁၀၀ ကျော်မှာ COVID-19 ဗိုင်းရပ်ရောဂါ ကူးစက်မှု မရှိသေးဘူးလို့ ဒေသခံအာဏာပိုင်တွေက ပြောပါတယ်။
ပြည်ပနိုင်ငံတွေကနေ မြန်မာနိုင်ငံထဲကို ရောက်ရှိလာတဲ့ နိုင်ငံခြားသား အယောက် ၁၀၀ ကျော်ကို City Hotel မှာ ကျန်းမာရေးစောင့်ရှောက်မှုတွေ စဉ်ဆက်မပြတ်ပြုလုပ်နေပြီး COVID- 19 ရောဂါပိုးကူးစက်မှုလက္ခဏာ လတ်တလော တွေ့ရှိမှုမရှိသေးဘူးလို့ ဗိုလ်တထောင်မြို့နယ် အမှတ် ၈ ရပ်ကွက် ရပ်ကွက်အုပ်ချုပ်ရေးမှူးက ပြောပါတယ်။
ဒါ့အပြင် အဲဒီနိုင်ငံခြားသားတွေကို ဧပြီလ ၉ ရက်အထိ စောင့်ကြည့်ထိန်းချုပ်ဖို့ ကျန်းမာရေးဝန်ကြီးဌာနက ညွှန်ကြားထားတယ် လို့ ဆိုပါတယ်။
အဲဒီဟိုတယ်မှာ စောင့်ကြည့်ဝန်ထမ်းတွေကို အဝင်အထွက် မလုပ်နိုင်အောင် လုံခြုံရေးနဲ့ စနစ်တကျ စီမံဆောင်ရွက်ထားသလို ဟိုတယ်အထပ်တိုင်းမှာလည်း စီစီတီဗွီကင်မရာတွေနဲ့ စောင့်ကြည့်နေတယ်လို့ ဗိုလ်တထောင်မြို့နယ် ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့ တာဝန်ရှိ သူက ပြောပါတယ်။
အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီး ပြည်သူလူထုတွေမစိုးရိမ်ကြဖို့အတွက် ဟိုတယ်နဲ့ အနီးစပ်ဆုံးရှိတဲ့ နေရာတွေကို COVID-19 ရောဂါ ထိန်းချုပ်မှုတွေပြုလုပ်နိုင်ဖို့ ကျန်းမာရေးစောင့်ရှောက်မှု အဖွဲ့အစည်းတွေနဲ့ လူမှုအဖွဲ့အစည်းတွေ ပူးပေါင်းပြီး ပိုးသတ်ဆေးဖျန်းတာတွေ အပါအဝင် လိုအပ်တာတွေကို လိုက်လံပြုလုပ်နေတယ်လို့ ကျန်းမာရေးစောင့်ရှောက်မှု အဖွဲ့အစည်းတွေက ပြောပါတယ်။
မြန်မာနိုင်ငံမှာ COVID-19 အတည်ပြုလူနာအသစ် နိုင်ငံခြားသူ ၁ ဦး အပါအဝင် ၃ ဦး မနေ့က ထပ်မံတွေ့ရှိထားပြီး စုစုပေါင်းအတည်ပြု လူနာ ၈ ဦးအထိမြင့်တက်လာပါတယ်။