တရားမဝင် ဘင်္ဂါလီများအား ထားရှိသည့် နေအိမ်တွင် လက်ပစ်ဗုံး ဖမ်းမိ
DVB
·
March 27, 2020
ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်၊ သူဌေးကုန်းကျေးရွာမှာ မတ်လ ၂၆ ရက်နေ့ မွန်းလွဲပိုင်းက တရားမဝင် ဝင်ရောက်လာတဲ့ ဘင်္ဂါလီတွေနဲ့ လက်ခံထားရှိသူအား ဖမ်းဆီးမိခဲ့တယ်လို့ ကျောက်တံခါး မြို့မရဲတပ်ဖွဲ့စခန်း တာဝန်ရှိသူတဦးက ပြောပါတယ်။
ဖမ်းဆီးရမိသူ ဘင်္ဂါလီတွေကတော့ အမျိုးသမီး ၄ ဦး၊ အမျိုးသား ၁ ဦးနဲ့ ရင်ခွင်ပိုက် လေးငယ် ၁ ဦးတို့ ဖြစ်ပါတယ်။
အဆိုပါဘင်္ဂါလီတွေ ထားရှိတဲ့ စောမန်းဒေးရဲ့ နေအိမ်ကို ရှာဖွေရာမှာ အိပ်ခန်းအတွင်း အမေရိကန်နိုင်ငံထုတ် လက်ပစ်ဗုံး ၁ လုံး ဖမ်ဆီးရမိခဲ့တယ်လို့ ကျောက်တံခါးမြို့မရဲစခန်း တာဝန်ရှိသူက ပြောပါတယ်။
“ကျောက်တံခါးမြို့ထဲမှာ တယောက်ကို စတွေ့တာ၊ စစ်ဆေးပြီး ဘင်္ဂါလီတွေ ရှိနေတယ်ဆိုတဲ့ အိမ်ကို သွားဖမ်းခဲ့တာပါ။ လက်ပစ်ဗုံးတွေ့တဲ့အတွက် လက်နက်ပုဒ်မနဲ့လည်း အရေးယူထားတယ်။ KNU က ငြိမ်းချမ်းရေးယူထားတဲ့သူလို့ ပြောတယ်။ အခုလက်ရှိတော့ အိမ်ရှင်နဲ့ယာဉ်မောင်းကိုလည်း အမှုဖွင့်ထားတယ်။”
အခုလက်ရှိမှာ စောမန်းဒေးနဲ့ စောမြကြီးတို့နှစ်ဦးကို ဖမ်းဆီးမိထားပြီး နောက်ဆက်တွဲ တရားခံတွေ ဖမ်းဆီးရမိရေး ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
ဖမ်းဆီးမိခဲ့တဲ့ ဘင်္ဂါလီတွေဟာ ကျောက်တော်မြို့နယ်ကနေ မလေးရှားနိုင်ငံသွားဖို့ တဦးကို ကျပ်သိန်း ၃၀ စီ ပေးပြီး လာကြတာလို့ သိရပါတယ်။
ကျော်အောင်(ကညွှတ်ကွင်း)