မန္တလာဒီဂရီကောလိပ်တွင် COVID-19 စောင့်ကြည့်လူနာများ ထားရှိရန် ပြင်ဆင်
Aung Aung Naing
·
March 27, 2020
မန္တလေးမြို့မှာ COVID-19 သံသယလူနာတွေနဲ့ စောင့်ကြည့်လူနာတွေကို သီးသန့်ထားရှိရာမှာ လိုအပ်လာရင် အဆင်သင့်ဖြစ်စေဖို့အတွက် မန္တလာဒီဂရီကောလိပ်ရှိ အမျိုးသားအဆောင်နဲ့ အမျိုးသမီးအဆောင်နေရာမှာလည်း ကြိုတင်ပြင်ဆင်ထားပါတယ်။
မန္တလာဒီဂရီကောလိပ်ကို မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ခေတ္တဝန်ကြီးချုပ်ဦးဇာနည်အောင်နဲ့ အစိုးရအဖွဲ့ဝင်ဝန်ကြီးတွေ ဒီနေ့မနက်က လာရောက်ပြီး စောင့်ကြည့်လူနာတွေထားဖို့ ပြင်ဆင်ထားတဲ့ အခြေအနေကို လာရောက် ကြည့်ရှုစစ်ဆေးခဲ့ပါတယ်။
မန္တလာဒီဂရီကောလိပ်သင်္ချာပါမောက္ခ ဆရာဦးသက်ခိုင်က “COVID-19 သံသယလူနာတွေအတွက် လိုအပ်ပါက စောင့်ရှောက်ထားဖို့ဆိုပြီး မန္တလာဒီဂရီကောလိပ်က ပင်လုံဆောင်နဲ့ မန္တလေးဆောင်တို့ကို နေရာလျာထား သတ်မှတ်ထားတယ်။ ဒီကနေ့ ခေတ္တဝန်ကြီးချုပ်နဲ့အဖွဲ့ လာကြည့်တယ်၊ ရေချိုးခန်းနဲ့ ရေအိမ်တွေ အခန်းဖွဲ့စည်းပုံတွေနဲ့ လမ်းအဝင်အထွက်တွေကို စစ်ဆေးကြည့်ရှုသွားတယ်” လို့ ပြောပါတယ်။
လတ်တလော COVID-19 စောင့်ကြည့်လူနာတွေကို ကန်တော်နဒီဆေးရုံနဲ့ နဒီမြန်မာဟိုတယ်တို့မှာ ထားရှိပြီး ကျန်းမာရေးစောင့်ရှောက်ပေးနေသလို မန္တလာဒီဂရီကောလိပ်၊ သာသနာ့တက္ကသိုလ်နဲ့ ကျောက်ဆည်တက္ကသိုလ် စတဲ့နေရာတွေမှာလည်း အရေးပေါ် လိုအပ်ပါက ထားရှိနိုင်ဖို့ ကြိုတင်စီစဉ်ထားတာ ဖြစ်ပါတယ်။
လက်ရှိ မြန်မာနိုင်ငံမှာ COVID-19 ရောဂါပိုးတွေ့ရှိသူ ၅ ဦး ရှိနေကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ဒီကနေ့ မတ်လ ၂၇ ရက် မနက်က နောက်ဆုံး ထုတ်ပြန်ထားပါတယ်။