Homeမြန်မာသတင်း
မုံရွာ မြန်မာ့စီးပွားရေးဘဏ်နှင့် အလုပ်သမားများ ယာယီထားသည့်နေရာတို့တွင် ပိုးသတ်ဆေးဖျန်း
မုံရွာ မြန်မာ့စီးပွားရေးဘဏ်နှင့် အလုပ်သမားများ ယာယီထားသည့်နေရာတို့တွင် ပိုးသတ်ဆေးဖျန်း
Aung Ko Latt
·
March 27, 2020
စစ်ကိုင်းတိုင်း မုံရွာမြို့မှာ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရေးအတွက် မတ် ၂၆ ရက်နေ့ညက မြန်မာ့စီးပွားရေးဘဏ် အပါအဝင် နိုင်ငံခြားက ပြန်လာတဲ့ နေရပ်ပြန်အလုပ်သမားတွေ ယာယီထားရှိရာ တန်ဖိုးနည်းအိမ်ရာတွေကို မီးသတ်ဦးစီးဌာနက ပိုးသတ်ဆေးတွေ လိုက်လံဖျန်းပေးနေပါတယ်။
မုံရွာခရိုင်မီးသတ်ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးညီညီဇော်က “တိုင်းမီးသတ်ဦးစီးမှုးရဲ့ လမ်းညွှန်ချက်နဲ့အညီ ပိုးသတ်ဆေးဖျန်းပေးတာပါ။ မုံရွာခရိုင်တင်မကပါဘူး။ ကလေး၊ ကသာ၊ ရွှေဘို၊ စစ်ကိုင်း စတဲ့ ခရိုင်တွေမှာလည်း လုပ်ဆောင်နေပါတယ်။ မနေ့ကတည်းက လုပ်နေတာပါ။ မနက်ဖြန်လည်း အကျဉ်းထောင်မှာ ဆက်လုပ်ဖို့ ရှိပါသေးတယ်” လို့ ပြောပါတယ်။
မတ်လ ၂၅ ရက်နေ့ကလည်း ထိုင်း၊ တရုတ်၊ မလေးရှားတို့က ပြန်လည်ရောက်ရှိလာတဲ့ နေရပ်ပြန်တွေကို ယာယီထားရှိရာ တန်ဖိုးနည်းအိမ်ရာတွေမှာလည်း ကာကွယ်ဆေးတွေ ဖျန်းခဲ့ပါသေးတယ်။
မုံရွာအကျဉ်းထောင်နှင့် ဘုန်းတော်ကြီးကျောင်းအချို့မှာလည်း မတ် ၂၇ ရက်နေ့ ဖျန်းပေးသွားဦးမယ်လို့ ဆိုပါတယ်။
ဒါ့အပြင် မီးသတ်ဦးစီးဌာနအနေနဲ့ ရုံးအပြင်ဘက်မှာလည်း လက်ဆေးကန်တွေ ထားရှိပြီး အဝင် အထွက်တွေကို စနစ်တကျ စစ်ဆေးပေးနေသလို အစိုးရရဲ့ ညွှန်ကြားချက်နဲ့ မြို့အဝင်အထွက် စစ်ဆေးရေးနေရာတွေမှာလည်း တပ်ဖွဲ့ဝင်တွေကို ခွဲဝေတာဝန်ချထားပေးနေပြီး ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရေးအတွက် ကျရာနေရာကနေ ပူးပေါင်းပါဝင်ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။
ကိုရိုနာဗိုင်းရပ်စ်က မတ် ၂၄ ရက်နေ့ကတည်းက မြန်မာနိုင်ငံမှာ စတင်တွေ့ရှိခဲ့ပြီး ဒီနေ့ထိ ရောဂါပိုးတွေ့ရှိသူ ၅ ဦးရှိနေပြီဖြစ်ပြီး အဲဒီထဲမှာ စစ်ကိုင်းတိုင်းကတော့ မပါဝင်သေးပါဘူး။