သာစည်တွင် COVID- 19 ကာကွယ်ရေး စေတနာရှင် လုပ်အားပေးများကို သင်တန်းပေး
DVB
·
March 27, 2020
မန္တလေးတိုင်း၊ သာစည်မြို့မှာ COVID- 19 ကူးစက်ရောဂါကာကွယ်ထိန်းချုပ်နိုင်ဖို့အတွက် ကုသကူညီစောင့်ရှောက်နည်း အဆင့်ဆင့်ကို မြို့နယ်ဆရာဝန်ကြီးက ရပ်ရွာအခြေပြု စေတနာရှင် လုပ်အားပေး ၇၀ ကို သင်ပြပေးခဲ့ပါတယ်။
မတ်လ ၂၆ ရက်မနက်က မြို့နယ်အုပ်ချူပ်ရေးမှူးရုံးခန်းမမှာ သင်တန်းပေးခဲ့တာဖြစ်ပြီး ကိုယ်တိုင် ရောဂါကူးစက်မခံရအောင် ကာကွယ်ရမယ့် နည်းလမ်းတွေကို သင်ကြားပေးခဲ့တယ်လို့ သာစည်မြို့နယ်ဆေးရုံအုပ်ကြီးဒေါက်တာလင်းထင်ကျော်က ပြောပါတယ်။
“ကိုယ်ကိုယ့်ကိုယ် ဘယ်လို ကာကွယ်ရမယ်၊ ကာကွယ်ရေးဝတ်စုံ(PPE) ဘယ်လို ဝတ်ဆင်ရမယ်၊ COVID-19 အတွက် ပြည်သူတွေကို ကာကွယ်ကူညီစောင့်ရှောက်ပေးမယ့် နည်းလမ်းအဆင့်ဆင့်တွေ ညွှန်ပြပေးတာပါ။ တိုက်နယ်တွေမှာရှိတဲ့ စေတနာလုပ်အားရှင်တွေကို အခုသင်တန်းက လူတွေနဲ့ ကြက်ခြေနီတွေကပဲ ထပ်ဖြန့်ပေးသွားမှာပါ။”
သာစည်မှာတော့ ရပ်ရွာတွေမှာ COVID-19 ၁၄ ရက် စောင့်ကြည့်ဖို့ စာသင်ကျောင်းဆောင် အလွတ်တွေ ဘုန်းကြီးကျောင်းတွေကို အဆင်သင့်ပြင်ဆင်ထားတယ်လို့ သိရပါတယ်။
အဖြူရောင်ကမ်းလက်အဖွဲ့မှ မလေးလေးနိုင်ကတော့ “ကူညီဖေးမချင်တဲ့ လူငယ်တွေ အများကြီး ရှိနေတယ်။ COVID-19 ဖြစ်လာရင် ပြည်သူတွေကို ကာကွယ်ကူညီစောင့်ရှောက်ပေးဖို့ စေတနာလုပ်အားရှင် အယောက် ၇၀ ကျော်လောက် သင်တန်းလာတက်ကြတယ်။ ဒီလို အသိပညာပေးပြီး ကူညီစောင့်ရှောက်ပေးမယ့် လုပ်အားရှင်တွေ ကျေးလက်အထိ ဖြန့်ကြက် လုပ်ဆောင်ပေးသွားမယ်” လို့ ပြောပါတယ်။
သာစည်မြို့မှာ COVID- 19 ကာကွယ်ထိန်းချုပ် ကုသရေးအဆင့်ဆင့်တွေကိုလည်း ပညာပေးဆိုင်းဘုတ်တွေ၊ လက်ကမ်းစာစောင်တွေ ဖြန့်ဝေတာတွေကိုလည်း စေတနာရှင် လုပ်အားပေးတွေက လုပ်ဆောင်ပေးနေပါတယ်။
မောင်မောင်လင်း