Home
မြန်မာသတင်း
ကျုံပျော်မြို့နယ်၌ အသုဘချစဉ် အဓိကရုဏ်းဖြစ်ပြီး ၁ ဦး သေဆုံး
DVB
·
March 26, 2020
91429704_812490419235303_4101546725179654144_n
90621195_812456842571994_235816085624979456_n
90516994_812456669238678_3132047494075121664_n
90241636_812456785905333_953841803272912896_n
90040714_812456722572006_258203211813355520_n
90624833_812456639238681_5596759930523615232_n
ဧရာဝတီတိုင်း၊ ကျုံပျော်မြို့နယ်မှာ မတ် ၂၅ ရက်မနက်က နာရေးတခုမှာ အသုဘချစဉ် လမ်းအသုံးပြုမှုနဲ့ပတ်သက်ပြီး အဓိကရုဏ်းဖြစ်ပွားတာကြောင့် ရဲက ပစ်ခတ်လူစုခွဲရာမှာ အမျိုးသား ၁ ဦးသေဆုံးကာ ဘုန်းတော်ကြီးတပါးအပါအဝင် ၂ ဦး သေနတ်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက သိရပါတယ်။ ကျုံပျော်မြို့နယ် ဇင်ပြွန်းကုန်းကျေးရွာအုပ်စုနေ အသက် ၈၀ နှစ်အရွယ် ဒေါ်ပျော့(ခ)ဒေါ်ခင်လှိုင်ရဲ့ ရုပ်အလောင်းအား ဇင်ပြွန်းကုန်းသုသာန်ကို လိုက်ပါပို့ဆောင်စဉ် အသုဘလမ်းအသုံးပြုမှုနဲ့ ပတ်သက်ပြီး နာရေးချသူတွေနဲ့ ရဲတပ်ဖွဲ့အကြား အဓိကရုဏ်းဖြစ်ပွားခဲ့တာလို့ ဒေသခံ ဒေါ်အေးသန္တာလွင်က ဒီဗွီဘီကို ပြောပါတယ်။ "ဒီလမ်းက နာရေးအသုံးပြုဖို့အတွက် ခွင့်ပြုမိန့်ကျပြီးသားပါ၊ အဲ့တာကြောင့် ဒီလမ်းကနေ နာရေး ချလာတာ၊ အဲ့တာကို ရဲတပ်ဖွဲ့ဝင်တားတာ၊ တားရင်းနဲ့ ရဲတပ်ဖွဲ့က သေနတ်နဲ့ပြန်ပစ်တာ"လို့ ပြောပါတယ်။ အဓိကရုဏ်းဖြစ်ပွားခဲ့တာကြောင့် အသက် ၂၉ နှစ်အရွယ် ကိုသိန်းထွဋ်အောင် သေနတ်ထိမှန် သေဆုံးခဲ့ပြီး အသက် ၅၇ နှစ်ဝါရှိ ဗောဓိမဏ္ဍိုင်ဆရာတော်အပါအဝင် ၄ ဦးသေနတ်ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ မျက်မြင်တွေ့ရှိသူတွေက ပြောပါတယ်။ အခင်းဖြစ်ရပ် မျက်မြင်တွေ့ရှိသူတဦးက “ဖြစ်တာက နားရေချလာချိန်မှာ ရဲတပ်ဖွဲ့က တားတယ်၊ အဲ့ချိန်မှာ ရွာသားတွေဘက်က တုတ် တွေ ခဲတွေနဲ့ပစ်တယ်၊ အဲ့တော့ ရဲတပ်ဖွဲ့က သေနတ်မိုးပေါ်ထောင်ဖောက်တယ်၊ နောက်ဆုံး မရတော့ လူအုပ်ထဲကို သေနတ်နဲ့ ပစ်လိုက်တာ” လို့ ပြောပါတယ်။ တိုင်းရဲတပ်ဖွဲ့က တာဝန်ရှိသူတဦးက "သွားတားတဲ့အချိန်မှာ အဓိကရုဏ်းဖြစ်ပွားတာတော့ မှန်ပါတယ်၊ မြေပြင်အခြေအနေ အသေးစိတ်ကိုလည်း ကျနော်တို့ စုံစမ်းနေပါပြီ"လို့ ဒီဗွီဘီကို ပြောပါတယ်။ ဇင်ပြွန်းကုန်းကျေးရွာရဲ့ ရွာအနောက်ပိုင်းက နာရေးကို ဇင်ပြွန်းကုန်းသုသာန်မှာချဖို့ သယ်ဆောင်လာစဉ် ရွာအရှေ့ပိုင်း ကလူတွေက တားတာကြောင့် ပြဿနာမဖြစ်ပွားစေဖို့ ရဲတပ်ဖွဲ့ကဝင်တားစဉ် အခုလို ဖြစ်ခဲ့တာပါ။ နာရေးချစဉ်အသုံးပြုတဲ့ ရွာလမ်းမှာ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၆ ရက်နေ့က အဆိုပါကျေးရွာက ဒေသခံတွေ အသုံးပြုနိုင်ကြောင်း တိုင်း ခရိုင် မြို့နယ် အုပ်ချုပ်ရေးတာဝန်ရှိသူတွေ အမိန့်ထုတ်ပြန်ထားတဲ့ လမ်းဖြစ်တယ်လို့ ကျုံပျော်မြို့နယ်အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌနက သိရပါတယ်။ ဒေသခံတွေနဲ့ ရဲတပ်ဖွဲ့ဝင်အကြား အဓိကရုဏ်းဖြစ်ပွားခဲ့လို့ လူသေဆုံးခဲ့တဲ့ ကျေးရွာမှာ ၂၀၁၇ ခုနှစ် နိုဝင်ဘာလ ၁၈ ရက်နေ့ကလည်း ရဲတပ်ဖွဲ့နဲ့ ဒေသခံပြည်သူများအကြား အခုလိုဖြစ်စဉ်မျိုး ဖြစ်ပွားခဲ့ပြီး အဆိုပါဖြစ်စဉ်မှာတော့ ရဲတပ်ဖွဲ့က အလောင်းကိုလုပြီး ချခဲ့တာမျိုးလည်း ရှိတယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။ မင်းထက်မုန်း (ပုသိမ်)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024