COVID-19 ကြောင့် မုံရွာကုန်စည်ဒိုင်ကို ရက်အကန့်အသတ်မရှိပိတ်
Aung Ko Latt
·
March 24, 2020
မြန်မာနိုင်ငံမှာကိုနာဗိုင်းရပ်စ် COVID-19 ရောဂါစတင်ဖြစ်ပွားနေတဲ့ အခြေအနေကြောင့် လူစုလူဝေးဖြစ်ပေါ်စေတဲ့ မုံရွာမြို့က ကုန်သည်၊ ပွဲစား၊ စက်ပိုင်များမဟာကထိန်တော်အသင်း (မုံရွာကုန်စည်ဒိုင်)ကို မတ်လ ၂၅ ရက်ကစပြီး ရက်အကန့်အသတ်မရှိ ပိတ်တော့မယ်လို့ ကုန်စည်ဒိုင်တာဝန်ရှိသူက ပြောပါတယ်။
မုံရွာကုန်စည်ဒိုင် အတွင်းရေးမှုး ဦးဇော်မိုးက “ဒီနေ့ကြေညာချက်ထုတ်လိုက်ပြီ။ ဘယ်အချိန်ထိ ပိတ်မယ်ဆိုတာတော့ ခန့်မှန်းမရဘူး။ မန္တလေးကုန်စည်ဒိုင်လည်း မနက်ဖြန်ပိတ်မယ်။ ကိုရိုနာဗိုင်းရပ်စ်ထိန်းချုပ်လို့ရတဲ့ အချိန်ထိပေါ့။ ဒီကြားထဲ သီးနှံစျေးကွက်တွေ ကတော့စျေးကျတာတွေဖြစ်မှာပဲ။ လုံးဝကြီး အရောင်းအဝယ်ရပ်ဆိုင်းတာမျိုးတော့လည်း မဟုတ်ဘူး။ ကုန်စည်ဒိုင်ပိတ်ပေမယ့် ပွဲရုံတွေကတော့ သူ့ဟာသူတော့ ရောင်းဝယ်တာ ရှိဦးမှာပါ။"လို့ ပြောပါတယ်။
ကုန်စည်ဒိုင်တွေက မတ်လ ၂၅ ရက်နေ့ မနက်ပိုင်းကစတင်ကာ မန္တလေး၊ မုံရွာ၊ ပခုက္ကူ စတဲ့ ကုန်စည်ဒိုင်တွေ ယာယီပိတ်တော့မှာဖြစ်ပါတယ်။ လောလောဆယ်ကုန်စည်ဒိုင်မပိတ်ခင်မှာတော့ ကုလားပဲ၊ မြေပဲ၊ ပဲစင်းငုံတွေ အရောင်းအဝယ်ဖြစ်နေပါတယ်။ ဒါပေမဲ့ စျေးကတော့ ပျမ်းမျှ တစ်တင်းကို ၂ ထောင်လောက် ထိုးကျသွားတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် တချို့ဒေသတွေမှာ ထောပတ်ပဲ၊ ပဲနီလုံးတွေ စပေါ်ချိန်လည်းဖြစ်တဲ့အတွက် တောင်သူတွေအတွက် အများကြီး ထိခိုက်နစ်နာမှုတွေ ဖြစ်ပေါ်လာနိုင်တယ်လို့လည်းဆိုပါတယ်။ ကုန်စည်ဒိုင်တွေ ကာလကြာရှည်ရပ်ဆိုင်းထားရရင်တော့ သီးနှံစျေးကွက်က စျေးကျဖို့ပဲ ရှိပြီး အလားအလာ မကောင်းနိုင်ဘူးလို့ ကုန်သည်ပွဲစားတွေက ပြောပါတယ်။