Homeမြန်မာသတင်း
ဝိုင်းမော်မြို့သို့ တရုတ်နိုင်ငံသားများ ဝင်ရောက်နေမှု ပိတ်ပင်ပေးရန် သမ္မတထံ တောင်းဆို
ဝိုင်းမော်မြို့သို့ တရုတ်နိုင်ငံသားများ ဝင်ရောက်နေမှု ပိတ်ပင်ပေးရန် သမ္မတထံ တောင်းဆို
DVB
·
March 23, 2020
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့အတွင်းကို ကန်ပိုင်တီနယ်စပ်ဂိတ်ကနေ တရုတ်ပြည်က ကားတွေနဲ့ တရုတ်လူမျိုးတွေ နေ့စဉ်ဝင်ရောက်နေမှုကို တားဆီးပိတ်ပင်ပေးဖို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တို့က နိုင်ငံတော်သမ္မတထံ ဒီနေ့စာပို့ တောင်းဆိုလိုက်ပါတယ်။
တရုတ်တစ်သျှူးငှက်ပျော စိုက်ပျိုးထားကြတဲ့ ဝိုင်းမော်မြို့အတွင်းကို ကန်ပိုင်တီနယ်စပ်ဂိတ် ကနေ နေ့စဉ် ကားအစီး ၁၀၀ လောက်နဲ့တရုတ်နိုင်ငံသား ၅၀၀ လောက် ဝင်ထွက်သွားလာနေကြတာပါ။
တရုတ်နိုင်ငံ၊ ဝူဟန်မြို့ကနေ စတင်ခဲ့တဲ့ COVID-19 နဲ့ ပတ်သက်ပြီး ဒေသခံပြည်သူတွေက လွှတ်တော်ကိုယ်စားလှယ်တွေထံ တင်ပြတောင်းဆိုကြတာကြောင့် အခုလို သမ္မတထံ စာပို့ရတာလို့ ကချင်ပြည်နယ်မဲဆန္ဒနယ်အမှတ် ၃ က အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဇယ်ခေါင်က ပြောပါတယ်။
“ပြည်သူတွေကလည်း ဒီ COVID-19 ကပ်ရောဂါကို သူတို့စိတ်ပူတာပေါ့လေ။ ကျနော်တို့ ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့က ကန်ပိုင်တီနယ်စပ်ကုန်သွယ်ရေးဂိတ်ရဲ့ ဝင်ပေါက်မြို့နယ်လည်း ဖြစ်ပါတယ်။ နောက်ပြီး အဓိက တစ်သျှူးငှက်ပျောတင်တဲ့ကားတွေက အခုက ကျန်းမာရေးစိစစ်မှု ရှိပြီးမှ အပူချိန်မရှိဘဲနဲ့ ဝင်လာတယ်ဆိုပေမယ့် ဒီရောဂါပိုးက ဘယ်နှရက်ဘယ်နှရက်ဆိုပြီးမှ သူတို့သတ်မှတ်ထားတဲ့ ရက်တွေမှာ အဖျားမတက်ဘဲနဲ့ ရောဂါပိုးကူးနေတာလည်း ရှိပါတယ်။ ပြည်သူတွေက ဒါကိုစိတ်ပူပြီးမှ ကျနော်တို့ လွှတ်တော်ကိုယ်စားလှယ်တွေဆီကို ဖုန်းဆက်တယ်။ မက်ဆက်ဂျာမက်ဆေ့ချ်တွေကလည်း ပို့လာတာရှိတဲ့အတွက် ကျနော်တို့ ဒါကို ပြည်ထောင်စုအစိုးရ သမ္မတဆီကို စာတင်ရခြင်းဖြစ်ပါတယ်။”
COVID-19 ရောဂါ စတင်ဖြစ်ပွားပြီးနောက်ပိုင်း တရုတ်နှစ်ကူးအချိန်မှာတော့ တရုတ်ပြည်က ဝင်ရောက်မှုတွေကို ရပ်နားထားပေမယ့် တရုတ်အစိုးရက တစ်သျှူးငှက်ပျောတင်ပို့မှုကို ပြန်လည်ခွင့်ပြုပြီးနောက်မှာ တရုတ်နိုင်ငံသားတွေ နေ့စဉ်ဝင်ရောက် လာနေတာပါ။
လူစုလူဝေး မလုပ်ဖို့ အတွက် ကချင်ပြည်နယ်အစိုးရက မတ် ၂၀ ရက်နေ့ က စာထုတ်ခဲ့ပေမယ့် တရုတ်နိုင်ငံသားတွေ နေ့စဉ်ဝင်ရောက်မှု မလျော့တာကြောင့် ပြည်သူတွေက စိုးရိမ်နေကြတယ်လို့ ဆိုပါတယ်။
“တနိုင်ငံလုံးက ဂိတ်တွေကို ပိတ်ချလိုက်ဖို့ အဲ့ဒီလောက်ထိ မရည်ရွယ်ပါဘူး။ အဓိကက မြို့တွင်းကို ဝင်လာတဲ့ကားတွေကို ပိတ်စေချင်တာပါ။ နယ်စပ်ကမှ လာပြီးမှ တစ်သျှူးငှက်ပျောကို ဒီကလူတွေနဲ့ သွားတင်ပြီး သွားပို့လိုက်။ ကြားမှာချိန်းပြီး ဟိုဘက်ကို ယူသွားရင်တော့ ပြဿနာမရှိဘူး။ အခုဟာက ဝင်လာတဲ့ ကားအစီးတိုင်းအကုန်လုံးက ဝိုင်းမော်မြို့နယ်အဆုံး မြစ်ကြီးနား မြို့နယ်ထဲပါတဲ့ သာလောကြီးတို့ ဆင်ဘိုတို့နားအထိကို ဒီကားတွေက ဝင်ထွက်နေတာရှိတယ်” လို့ ဦးဇယ်ခေါင်က ပြောပါတယ်။
ဝိုင်းမော်မြို့နယ်အတွင်းမှာ အဖျားတိုင်းတာတဲ့ လုပ်ငန်းစဉ်တွေကို နေ့စဉ်ဆောင်ရွက်နေရာ မတ်လ ၂၂ ရက်နေ့တနေတည်းမှာ နိုင်ငံခြားသား ၅၄၆ ဦးကို အဖျားတိုင်းတာတဲ့ လုပ်ငန်းစဉ်ဆောင်ရွက်ပေးခဲ့ရတယ်လို့ သိရပါတယ်။
သတင်း-ဖြိုးသက်ပိုင်မြင့်