ကပ်ရောဂါကင်းဝေးစေရန် တောင်ကြီးမြို့တွင် ဘာသာပေါင်းစုံ ဝတ်ပြုဆုတောင်း
DVB
·
March 23, 2020
ရှမ်းပြည်နယ်၊ တောင်ကြီးမြို့မှာ ပြည်သူလူထုတွေ ကပ်ရောဂါဘယတွေ ကင်းဝေးစေဖို့ အတွက် ဘာသာကြီးလေးခုက ခေါင်းဆောင်တွေနဲ့ ပြည်နယ်အစိုးရ တာဝန်ရှိသူတွေ ပူးပေါင်းပါဝင် ဆုတောင်းခဲ့ပါတယ်။
တောင်ကြီးမြို့ပေါ်က ဟိန္ဒူဘုရားကျောင်း၊ ဂျာမေ့ဗလီ၊ ဆစ်ခ်ဘုရားရှိခိုးကျောင်း၊ စိန့်ဂျိုးဇက် ဘုရားရှိခိုးကျောင်းတို့ကို မနေ့ညနေပိုင်းကသွားပြီး ဘာသာကြီး ၄ ခုက ခေါင်းဆောင်တွေနဲ့အတူ ရှမ်းပြည်နယ်နဲ့ ပြည်ထောင်စုသားအားလုံး၊ ကမ္ဘာသူကမ္ဘာသားအားလုံး ကပ်ကြီး ၃ ပါးကျော်လွှားပြီး ရောဂါဘယတွေ ကင်းဝေးစေဖို့ ဝတ်ပြုဆုတောင်းခဲ့တယ်လို့ ပြည်နယ်အစိုးရက ထုတ်ပြန်ထား ပါတယ်။
ဆုတောင်းရာမှာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစိုင်းလုံးဆိုင်၊ ပြည်နယ်လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး၊ ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီး၊ ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး၊ ဗမာတိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်အစိုးရအဖွဲ့ ညွှန်ကြားရေးမှူးနဲ့ တောင်ကြီးခရိုင် အုပ်ချုပ်ရေးမှူးတို့ တက်ရောက်ခဲ့ပါတယ်။
ဓာတ်ပုံ- Shan State Govt