Homeမြန်မာသတင်း
သင်္ဃန်းကျွန်းမြို့နယ်က နေအိမ် နှစ်လုံးတွင် တရားမဝင် တရုတ်နိုင်ငံသား ၄၀ ကျော် တွေ့ရှိ
သင်္ဃန်းကျွန်းမြို့နယ်က နေအိမ် နှစ်လုံးတွင် တရားမဝင် တရုတ်နိုင်ငံသား ၄၀ ကျော် တွေ့ရှိ
DVB
·
March 22, 2020
ရန်ကုန်၊ သင်္ဃန်းကျွန်းမြို့နယ်က အိမ်နှစ်လုံးထဲမှာ တရုတ်တွေ ရောက်နေတယ်လို့ သတင်းအရ ဝင်ရောက်စစ်ဆေးရာမှာ ခွင့်ပြုချက်မဲ့ တရားမဝင် နေထိုင်တဲ့ တရုတ်အယောက် ၄၀ ကျော်ကို တွေ့ခဲ့ရပါတယ်။
သင်္ဃန်းကျွန်းမြို့နယ် ကမာကြည်တံတားအဆင်း ပန်းဝါလမ်းနဲ့ နှင်းဆီနီလမ်းက အိမ်နှစ်လုံးမှာ သက်ဆိုင်ရာဌာနကို တိုင်ကြားထားတဲ့ လူဦးရေထက်ပိုတဲ့ နိုင်ငံခြားသားတွေ နေတယ်လို့ ပတ်ဝန်းကျင်က တိုင်ကြားလာတာကြောင့် လွှတ်တော်ကိုယ်စားလှယ်၊ ရပ်ကွက်အုပ်ချုပ်ရေး၊ လ.ဝ.က နဲ့ ကျန်းမာရေးဌာနတာဝန်ရှိသူတွေက မတ် ၂၁ ရက်နေ့ ည ၉ နာရီဝန်းကျင်က ဝင်ရောက်စစ်ဆေးခဲ့တာပါ။
ပန်းဝါလမ်းက အိမ်မှာ တရုတ်နိုင်ငံသား စုစုပေါင်း ၅၄ ယောက်၊ နှင်းဆီနီလမ်းက အိမ်မှာ တရုတ်နိုင်ငံသား ၆၄ ယောက်တွေ့ရပြီး ခွင့်ပြုချက်မဲ့ နေထိုင်နေတဲ့ တရုတ်နိုင်ငံသား အနည်းဆုံး ၄၀ ကျော်ရှိတယ်လို့ သိရပါတယ်။
လက်ရှိမှာတော့ သူတို့ကို အဲဒီအိမ်တွေမှာပဲ ထိန်းသိမ်းထားပြီး တာဝန်ရှိသူတွေက ဆက်လက်စစ်ဆေးနေသလို ကိုရိုနာဗိုင်းရပ်စ် ကိုဗစ်-၁၉ နဲ့ ပတ်သက်လို့ ၁၄ ရက်စောင့်ကြည့်မယ်လို့ ဆိုပါတယ်။
မနေ့ညက အဲဒီလို အိမ်ဝင်းထဲ ဝင်စစ်ဆေးတဲ့အချိန်မှာ သတင်းရယူနေတဲ့ သတင်းထောက်တွေကို အိမ်ခြံဝင်းတံခါးဝမှာ သတင်းဓာတ်ပုံမရိုက်ဖို့ အိမ်ထဲမှာ ရှိနေသူတွေက တားဆီးခဲ့သလို ရေနဲ့ပက်တာတွေ လုပ်ခဲ့တယ်လို့လည်း သတင်းသွားယူခဲ့သူတွေက ပြောပါတယ်။
Photo - Kyaw Swar Tun / MPA