ထိုင်းနိုင်ငံတွင် မြန်မာရွှေ့ပြောင်းအလုပ်သမား ၂ ဦး ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရ
နန်းမြနဒီ
·
March 20, 2020
ထိုင်းနိုင်ငံမှာ မြန်မာရွှေ့ပြောင်းအလုပ်သမား ၂ ဦး ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကူးစက်ခံရတာကို စစ်ဆေးတွေ့ရှိတယ်လို့ ထိုင်းပြည်သူ့ကျန်းမာရေးဌာန တာဝန်ရှိသူ တဦးက ပြောပါတယ်။
ထိုင်းပြည်သူ့ကျန်းမာရေးဌာန ကူးစက်ရောဂါထိန်းချုပ်ရေးဆိုင်ရာ တာဝန်ရှိသူ ဆူလာဆတ် သာနိုင်စဝန်ယန်ကွန်းက သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ ဒီကနေ့ ရေးသားထားတာဖြစ်ပါတယ်။ ဒါပေမယ့် အသေးစိပ်မေးမြန်းချက်တွေကိုတော့ သူက ဖြေကြားလို့မရကြောင်း ပြောပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး ထိုင်းနိုင်ငံ ကူးစက်ရောဂါထိန်းချုပ်ရေးဌာန ညွှန်ချုပ် ဒေါက်တာ ဆုဝမ်နာချိုင်း ဝပ်ထနာယင့်ကျရွန်းချိုင်းကလည်း မတ်လ ၂၀ ရက်နေ့ နောက်ဆုံးအခြေအနေအရ ထိုင်းမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ နောက်ထပ်အယောက် ၅၀ တွေ့ရှိပြီး အဲဒီထဲမှာ မြန်မာ ၂ ဦး ပါဝင်တယ်လို့ ထိုင်းကျန်းမာရေးဝန်ကြီးဌာန သတင်းစာရှင်းပွဲမှာ ထည့်သွင်ပြောကြားပါတယ်။
နောက်ထပ် ရောဂါပိုးရှိသူ ၅၀ ဦးမှာ အုပ်စု ၂ စု ခွဲထားကြောင်း၊ အုပ်စု ၁ က မူလပိုးတွေ့ရှိထားသူတွေနဲ့ ဆက်စပ်ကာ ၄၁ ဦးရှိပြီး လူနာနဲ့ နီးစပ်စွာနေထိုင်သူ၊ လက်ဝှေ့ရုံထဲက သူတွေ၊ နိုင်ကလပ်နဲ့ ဘားဆိုင်ကလာရောက်လည်ပတ်သူ၊ ဆိုင်ဝန်ထမ်းတွေ၊ မလေးရှားနိုင်ငံက ဘာသာရေးဆုတောင်းပွဲကနေ ကူးစက်လာသူတွေ ပါဝင်တယ်လို့ ဆိုပါတယ်။
အုပ်စု ၂ ကတော့ နောက်ထပ်အသစ်တွေ့ရှိတာဖြစ်ပြီး ၉ ဦးရှိကြောင်း၊ အဲဒီထဲမှာ နိုင်ငံခြားကနေ ပြန်ဝင်လာသူ ၄ ဦးရှိပြီး ၂ ဦးမှာ အင်္ဂလန်နိုင်ငံက ပြန်လာတဲ့ ထိုင်းပညာတော်သင် ၁ ဦးနဲ့ ဌာနဆိုင်ရာ ဝန်ထမ်း ၁ ဦးဖြစ် ကြောင်း၊ နောက်ထပ် ၂ ဦးမှာတော့ မြန်မာနိုင်ငံသား ၂ ဦး ဖြစ်တယ်လို့ ဒေါက်တာ ဆုဝမ်နာချိုင်းက ပြောပါတယ်။
အခုဆိုရင် ထိုင်းနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရသူ စုစုပေါင်း ၃၂၂ ဦး ရှိသွားပြီ ဖြစ်ကြောင်း၊ အများဆုံးဟာ ဘန်ကောက် လက်ဝှေ့ရုံက ဖြစ်ပြီး အဲဒီနေ့က လက်ဝှေ့ပွဲကြည့်သူရော ဝန်ထမ်းတွေပါ ထောင်ချီရှိတာကြောင့် ရောဂါပိုးကူးစက်ခံ သံသယရှိသူ ၅၀၀ အနည်းဆုံးရှိမယ်လို့ ခန့်မှန်းရကြောင်း၊ ဒါကြောင့် လက်ဝှေ့ပွဲထဲ ရှိသူတွေ မိမိကိုယ်မိမိပြန်သတိထားပြီး နီးစပ်ရာ ဆေးရုံဆေးခန်းတွေမှာ အမြန်ဆုံးသွားရောက်စစ်ဆေးဖို့ ဒေါက်တာ ဆုဝမ်နာချိုင်းက တိုက်တွန်းထားပါတယ်။
မြန်မာ ၂ ဦး ကူးစက်ခံထားရတာနဲ့ ပတ်သက်ပြီး ဒီဗွီဘီက ဘန်ကောက် ထိုင်းမြန်မာသံရုံးကို ဆက်သွယ်မေးမြန်းရာမှာ မြန်မာအလုပ်သမားသံအရာရှိ ဦးမျိုးမြင့်နိုင်က ထိုင်းဘက်ကနေ ဆက်သွယ်အကြောင်းကြားလာတာမရှိသေးဘဲ သူတို့လည်း အသေးစိတ်သိရဖို့ ထိုင်းကျန်းမာရေး ဌာနကို ပြန်မေးထားတယ်လို့ ပြောပါတယ်။
“အဲဒီမြန်မာအလုပ်သမား နှစ်ယောက် ကူးစက်ခံရကြောင်း ကျနော်တို့ဆီအကြောင်းကြား လာတာတော့ မရှိသေးပါဘူးခင်ဗျ။ ကျနော်တို့လည်း ထိုင်းကျန်းမာရေးဝန်ကြီးဌာန ကူးစက်ရောဂါ ထိန်းချုပ်ရေးဌာနကို ဆက်သွယ်ပြီး ဘယ်ဆေးရုံမှာလဲဆိုတာကို သိချင်လို့ စုံစမ်းထားပါတယ်။ အခုလောလောဆယ် သူတို့မပြောသေးပါဘူး။ သိရရင် ကျနော်တို့လည်း သတင်းထုတ်ပြန်ပေးမှာပါ။”
ထိုင်းရောက် မြန်မာအလုပ်သမားတွေ ကိုရိုနာဗိုင်းရပ်စ် ရောဂါနဲ့ ပတ်သက်ပြီး သိရှိနိုင်အောင် နယ်မြေထဲက အလုပ်သမားအဖွဲ့အစည်းတွေ၊ တိုင်းရင်းသားအဖွဲ့တွေနဲ့ ပူးပေါင်းပြီး ကွင်းဆင်းပညာပေးတာနေကြောင်း၊ ကိုရိုနာဗိုင်းရပ်စ်ကြောင့် အခက်အခဲရှိတဲ့ မြန်မာ လုပ်သားတွေကိုလည်း အကူအညီပေးဖို့ အသင့်ရှိကြောင်း သူကဆက်ပြောပါတယ်။
ဒါပေမယ့် လောလောဆယ် အလုပ်သမားတွေကတော့ ကိုရိုနာဗိုင်းရပ်စ်ပြဿနာ အခက်အခဲထက် အိမ်ပြန်ရဖို့အရေး၊ ခရီးသွားလာရေးကိစ္စတွေကို ပိုပြီး စိုးရိမ်ပူပန်နေကြတယ်လို့ အလုပ်သမား သံအရာရှိက ပြောပါတယ်။
Source : Thailand AEC