မြေပုံမြို့နယ်တွင် တပ်မတော်က တိုက်လေယာဉ် ၂ စီးဖြင့်တိုက်ခိုက်
DVB
·
March 20, 2020
ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်၊ စညှင်းကျေးရွာအနီးတောင်တန်းတလျှောက် တပ်မတော်က ဂျက်တိုက်လေယာဉ်နှစ်စီးနဲ့ လာရောက်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။
မတ်လ ၁၉ ရက် မနက် ၁၁ နာရီကျော်လောက်က စညှင်းကျေးရွာနဲ့ အရှေ့ဘက် နှစ်မိုင်လောက်အကွာရှိ တောင်တန်းတွေကို တပ်မတော်က တိုက်လေယာဉ်တစီးနဲ့ လာရောက် ပစ်ခတ်ခဲ့သလို ညနေပိုင်းမှာ နောက်ထပ်တစီး လာရောက်ပစ်ခတ်ခဲ့တယ်လို့ စညှင်းကျေးရွာ အုပ်ချုပ်ရေးမှူးက ပြောပါတယ်။
“ကျနော်တို့ရွာက တောင်တန်းတွေကို ဂျက်ဖိုက်တာနှစ်စီးနဲ့ ဗုံးကြဲလာတိုက်ခိုက်တယ်။ ကျနော်တို့ရွာနဲ့ဆိုရင် တမိုင်လောက်တော့ဝေးမှာပေါ့။ ၁၁ နာရီ ၄၀ လောက်မှာတခါလာကြဲတယ်။ စညှင်းကျေးရွာမြောက်ဘက်ကိုလာကြဲတာ၊ ၁၀ မိနစ်လောက်ကြတယ်။ ပြီးတော့ ညနေ ၄ နာရီ ၄၀ မိနစ်လောက်ကတစီးလာပစ်တယ်။ ၁၀ မိနစ်လောက်ကြာတယ်။ ပစ်ခတ်တာတွေလုပ်တာ။”
ဒါ့အပြင် စညှင်းကျေးရွာပတ်ဝန်းကျင်မှာ နေရာယူထားတဲ့ တပ်မတော်တပ်စခန်းတွေကနေ မသင်္ကာတဲ့နေရာတွေကို လက်နက်ကြီးတွေနဲ့လှမ်းပစ်နေတာ ဒီနေ့ဆိုရင် ၅ ရက်ရှိပြီလို့ နယ်ခံ ရွာသားတွေက ပြောပါတယ်။
ဒီလိုပစ်ခတ်မှုတွေကြောင့် ကျေးရွာရဲ့တောင်ဘက်မှာရှိတဲ့ ချောင်းနားမှာငါးရှာနေတဲ့ လောင်းလှေတစီးနားကို မတ်လ ၁၉ ရက်နေ့က လက်နက်ကြီးတလုံးကျရောက် ပေါက်ကွဲခဲ့ပေမယ့် ထိခိုက်ဒဏ်ရာရတာတော့မရှိဘူးလို့ စညှင်းကျေးရွာအုပ်ချုပ်ရေးမှူးကပြောပါတယ်။
စညှင်းကျေးရွာအနီးမှာ စစ်ဘေးရှောင်စခန်းတခုရှိပြီး အနီးအနားက ထွက်ပြေးလာတဲ့ ကျေးရွာအသီသီးက လူ ၇၀၀ ကျော်လောက်နေထိုင်ကြပါတယ်။
စညှင်းစစ်ဘေးရှောင်စခန်းတာဝန်ခံ ဦးသုဝဏ္ဏက “ စညှင်းစစ်ဘေးရှောင်နဲ့ တဖာလုံခွဲလောက်အကွာမှာ ပစ်ခတ်မှုတွေဖြစ်နေတယ်။ တဘက်တည်း ပစ်နေလို့ယူဆလို့ရတယ်။ ၆ နာရီခွဲကနေစပြီးတော့ပစ်တာ ၁၀ နာရီအချိန်ထိပစ်တာ။ စစ်ဘေးရှောင် စခန်းသူတွေလည်း တော်တော်စိုးရိမ်နေကြတယ်။ စစ်ဘေးရှောင်စခန်းတွေနဲ့ မလှမ်းမှာရှိနေတဲ့ တပ်မတော် တပ်စခန်းက သုံးနေရာကနေ နေ့ရော၊ ညပါမပြတ် လက်နက်ကြီးတွေနဲ့ တောင်တန်းတွေကို ပစ်ခတ်နေတာတွေလုပ်ပါတယ်။”လို့ ပြောပါတယ်။
စညှင်းစစ်ဘေးရှောင်စခန်းမှာ ပြည်တွင်းပြည်ပ အလှူရှင်တချို့ကလှူထားတဲ့ ဆန်ရိက္ခာတွေနဲ့ နေထိုင်စားသောက်နေကြပေမယ့် လက်ရှိအချိန်မှာ ပြည်တွင်းလူမှု အဖွဲ့အစည်းတွေက ထောက်ပံ့မှုတွေနည်းနေတာကြောင့်စားနပ်ရိက္ခာတွေ ပြတ်တောက်နေတယ်လို့ စခန်းတာဝန်ခံကပြောပါတယ်။
လေကြောင်းကနေ တိုက်ခိုက်မှုနဲ့ပတ်သက်လို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီးဗိုလ်မှူးကြီးဝင်းဇော်ဦးနဲ့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းတို့ကို ဖုန်းနဲ့အကြိမ်အကြိမ် ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာမရှိပါဘူး။
သတင်း-ဝဏ္ဏခွာညို- ဓာတ်ပုံ- သဘာဝနဒီ