Homeမြန်မာသတင်း
ရေနံစိမ်းစျေးနှုန်း ဆက်တိုက်ကျဆင်းနေသဖြင့် မုံရွာ ကျောက္ကာ ရေနံချက်ဖို ၂၀၀ ကျော် ရပ်နား
ရေနံစိမ်းစျေးနှုန်း ဆက်တိုက်ကျဆင်းနေသဖြင့် မုံရွာ ကျောက္ကာ ရေနံချက်ဖို ၂၀၀ ကျော် ရပ်နား
DVB
·
March 16, 2020
ရေနံစိမ်းစျေးနှုန်းနဲ့ ပန့်ဆီစျေးနှုန်းဆက်တိုက် ကျဆင်းနေတာကြောင့် မုံရွာမြို့ ကျေက္ကာကျေးရွာရှိ ရေနံချက်ဖို လုပ်ငန်း ၂၀၀ ကျော် ရပ်နားထားရတယ်လို့ သိရပါတယ်။
ရေနံချက်ဖို လုပ်ငန်းရှင်တဦးဖြစ်တဲ့ ဦးချစ်ကိုက “မုံရွာမြို့ ကျောက္ကာမှာ ရေနံချက်ဖို ၂၀၀ ကျော်လောက်ရှိပြီး စျေးနှုန်း ဆက်တိုက်ကျဆင်းနေတာကြောင့် လုပ်ငန်းတွေ ရပ်နားထားရတာပါ။ ယခင်လတွေက ရေနံချက်ဆီ ဝါရှယ် ၁ ပေပါကို ကျပ် နှစ်သိန်းဝန်းကျင် ရောင်းချရပြီး အခုရက်ပိုင်းတွေမှာ ၁ ပေပါကို ၁ သိန်းကျပ်နဲ့တောင် ဝယ်သူမရှိ ဖြစ်နေပါတယ်။ ပန့်ဆီစျေးနဲ့ ချက်ဆီစျေးနှုန်းက သိပ်မကွာတော့ ချက်တဲ့သူတွေ မချက်လုပ်နိုင်တော့ဘူး ဖြစ်နေပါတယ်။ ကမ္ဘာရေနံစိမ်းစျေးနှုန်းကလည်း တစည်ကို ဒေါ်လာ ၅၀ ကျော်ကနေ ဒေါ်လာ ၃၀ ဝန်းကျင်ထိ ဆက်တိုက်ကျဆင်းနေတာပါ။ ရေနံ ချက်ဖိုတဖိုကို လုပ်သား ၁၀ ယောက်လောက် ငှားရမ်းကြရပါတယ်။ ကုန်ကြမ်းဝယ်ယူသူ နည်းပါးနေပြီး ရေနံစိမ်း ၁ ပေပါကို မုံရွာအရောက် ၇၅၀၀၀ ကျပ်ဝယ်ယူကြရပါတယ်”လို့ ဒီဗွီဘီကို ပြောပါတယ်။
သရက်ကန်ရေနံမှော်က ရေနံလက်ယက်တွင်းလုပ်ငန်းလုပ်ကိုင်သူ ကိုကျော်လင်းက “ပြည်ပ ကုန်သွယ်ရေး လမ်းကြောင်းတချို့ ပြတ်တော့နေလို့ ရေနံ တွင်းတူးရာမှာ အသုံးပြုတဲ့ သံပိုက်စျေးနှုန်းတွေ မြင့်တက်နေပြီး အထွက်နှုန်းလည်း ကျဆင်းနေတယ်။ ရေနံမှော်ထဲမှာ ရေနံစိမ်း ၁ ပေပါ ၆၀၀၀၀ အောက်ထိ ကျဆင်းနေပြီး ခုလို စျေးနှုန်းမျိုးနဲ့ ရင်းနှီးမြှုပ်နှံသူ နည်းပါးလာပါတယ်။ ချက်ဖိုတွေရပ်နားထားတော့ ရေနံသယ်ယူပို့ဆောင်နေတဲ့ ဆီဘောက်ဆာကားတွေလည်း ရပ်နားထားရတယ်” လို့ ပြောပါတယ်။
မုံရွာမြို့ရှိ ကျောက္ကာရေနံချက်ဖိုတွေမှာ ကုန်ကြမ်း အနေနဲ့ မကွေးတိုင်း ရေနံလက်ယက် တွင်းတိမ်လုပ်ငန်းက ထွက်ရှိတဲ့ ရေနံစိမ်းတွေကို အဓိက အားထားပြီး ဝယ်ယူချက်လုပ်ကြရတာလို့ သိရပါတယ်။
မင်းထီး