မောက်မယ်မြို့နယ် ဟံးဗွာရွာတွင် တရွာလုံးနီးပါး ဖျားနာ
DVB
·
March 15, 2020
ရှမ်းပြည်နယ်တောင်ပိုင်း၊ မောက်မယ်မြို့နယ်၊ ကဒူးကြီးကျေးရွာအုပ်စု ဗန်းမင်ဒေသ ဟံးဗွာရွာမှာ ပြည်သူတွေ တရွာလုံးနီးပါး ဖျားနာမှု ဖြစ်ပွားခဲ့ပါတယ်။
ရွာသားတွေက ဟိုပုံးမြို့နယ် ထမ်းဆန်းရွှေတိဂုံဘုရား အိုးစည် ၁၀၀၀ ပွဲတော်က ပြန်လာပြီး စတင်ဖျားနာကြကာ တရွာလုံး ကူးစက်ခဲ့တာလို့ ပအိုဝ်းဒေသ ကျန်းမာရေးလုပ်ငန်း ဖော်ဆောင်ရေးကော်မတီ (PHWC) ဒါရိုက်တာ ခွန်စည်သူက ပြောပါတယ်။
“လူကြီးတွေက ထမ်းဆန်းဂူပွဲက ပြန်လာတာ တရွာလုံး ကူးကြတယ် ထင်တယ်။ အိမ်ခြေ ၅၀ မရှိဘူး။ လူနာက ၅၀ ကျော်နေပြီ။ အခုကျနော်တို့ PHWC ဆရာမတွေက မနေ့က သွားကြည့်တာ၊ ကုသပြီး စောင့်ကြည့်နေတုန်းပဲ၊ ဆိုးဆိုးရွားရွားတော့ မပါသေးဘူး ခုချိန်ထိ။”
ထမ်းဆန်းရွှေတိဂုံဘုရား အိုးစည် ၁၀၀၀ ပွဲတော်ကို မတ် ၆ ရက်ကနေ ၈ ရက်အထိ ကျင်းပတာဖြစ်ပြီး ရွာသားတွေဟာ တပေါင်းလပြည့် ထမ်းဆန်းပွဲပြီး ပြန်လာကတည်းက ဖျားနာကြပေမယ့် ဆေးရုံ၊ ဆေးခန်း သွားပြခြင်းမရှိဘဲ PHWC က ဆရာမတွေ လာရောက်ကုသမှု ပြုလုပ်မှ သိရတာပါ။
ဗန်းမက် ဒေသခံ ဦးအျားက “ကလေးတွေက အများကြီး အိမ်တိုင်းလိုလို နှာစေး ချောင်းဆိုး ဖျားနေကြတယ်၊ မနေ့က PHWC က ဆရာမတွေ လာကုပေးတယ်” လို့ ပြောပါတယ်။
ဟံးဗွာရွာရှိ လူနာ ၅၀ ကျော်မှာ ကလေးက အယောက် ၂၀ ရှိပြီး အဓိက နှာစေး၊ ချောင်းဆိုးနဲ့ ဖျားနာမှုတွေ ဖြစ်ပွားနေတာပါ။
အဲဒီဒေသမှာ ဆေးရုံ၊ ဆေးခန်း သွားရောက်ကုသဖို့ လမ်းပန်းဆက်သွယ်ရေး ခက်ခဲတဲ့ အတွက် PHWC အဖွဲ့က ကွင်းဆင်းကုသပေးနေတာပါ။
ခွန်ရာဇာ