ထိုင်းကပြန်လာသည့် ကိုယ်ဝန်ဆောင် ၁ ဦးကို လွိုင်ကော်ဆေးရုံ၌ စောင့်ကြည့်ကုသပေးနေ
DVB
·
March 11, 2020
ထိုင်းနိုင်ငံကနေ ပြန်လာတဲ့ အသက် ၂၇ နှစ်အရွယ် ကိုယ်ဝန်ဆောင်အမျိုးသမီးတဦးကို ကိုရိုနာဗိုင်းရပ်စ် စောင့်ကြည့်လူနာအဖြစ်သတ်မှတ်ပြီး သီးခြားထားရှိ ကုသမှုပေးနေတယ်လို့ လွိုင်ကော်မြို့နယ်ကျန်းမာရေးဌာနက သတင်းထုတ်ပြန်ထားပါတယ်။
အဆိုပါ အမျိုးသမီးဟာ မတ်လ ၉ ရက်နေ့က ရှားတောမြို့ နယ်စပ် ဝင်ထွက်ဂိတ်ကနေ ပြန်လည်ဝင်ရောက်လာတာဖြစ်ပြီး အဖျားစစ်ဆေးရာမှာ ကိုယ်ပူချိန်မြင့်တက်နေပြီး၊ ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ နှာချေခြင်းစတဲ့ ရောဂါလက္ခဏာတွေအရ လွိုင်ကော်ဆေးရုံကြီးသို့ ပို့ဆောင်ပြီး စောင့်ကြည့်လူနာအနေနဲ့ သတ်မှတ်ကာ သီးခြားထားကုသ ပေးနေတာဖြစ်တယ်လို့ ထုတ်ပြန်ထား ပါတယ်။
ဒါ့အပြင် သူ့ထံကနေ ဓာတ်ခွဲနမူနာ ရယူပြီး အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှု ဆိုင်ရာဌာန (ရန်ကုန်)သို့ ပေးပို့စစ်ဆေးဖို့ စီစဉ်ထားတယ်လို့ ဆိုပါတယ်။
မတ်လ ၁၀ ရက်နေ့အထိ မြန်မာနိုင်ငံမှာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ မတွေ့ရှိသေးပေမယ့် ရောဂါစောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက် နေပါတယ်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံနဲ့ အိမ်နီးချင်းနိုင်ငံတချို့ အပါအဝင် ကမ္ဘာ့နိုင်ငံ ၁၀၅ နိုင်ငံမှာ COVID-19 ရောဂါ ကူးစက်ဖြစ်ပွားနေပါတယ်။
COVID-19 ရောဂါဖြစ်ပွားသူနဲ့ ထိတွေ့ခဲ့သူတွေ၊ ရောဂါကူးစက်ပြန့်ပွားမှုများပြားရာ နေရာဒေသက ပြည်တွင်းသို့ရောက်ရှိခဲ့သူတွေနဲ့ သံသယရောဂါလက္ခဏာဖြစ်ပွားလာသူတွေအနေနဲ့ အနီးဆုံးကျန်းမာရေး ဌာနသို့ မဖြစ်မနေသတင်းပေးပို့ကြဖို့လည်း ကျန်မာရေးဌာနက တိုက်တွန်းထားပါတယ်။