မုံရွာ ချင်းတွင်းမြစ်ကျိုးအင်းအတွင်း လူငယ် ၁ ဦး ရေနစ် သေဆုံး
Aung Ko Latt
·
March 10, 2020
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ အစိုးရရုံးအနောက်ဘက် ချင်းတွင်း မြစ်ကျိုးအင်းအတွင်း မတ်လ ၉ ရက် နေ့လယ်ပိုင်းက ရေဆင်းချိုးတဲ့ လူငယ်တဦး ရေနစ် သေဆုံးသွားပါတယ်။
ရေနစ်တဲ့ လူငယ်ကို ရှာဖွေကယ်ဆယ်ရေးအဖွဲ့တွေက မိနစ် ၄၀ ဝန်းကျင်ကြာ ရှာဖွေခဲ့ကြရပါတယ်။
ရှာဖွေကယ်ဆယ်ရေးအဖွဲ့ခေါင်းဆောင် မုံရွာခရိုင်မီးသတ်ဦးစီးဌာန လ/ထ ညွှန်ကြားရေးမှူး ဦးညီညီဇော်က “သေဆုံးသူက ကွေ့ကြီးရပ်ကွက်က။ အဖော်တယောက်နဲ့အတူ ရေလာချိုးရင်း နစ်သွားတာပေါ့။ ရေက လူတရပ်ကျော်ကျော်လောက် နက်တယ်။ ကြမ်းပြင် အနိမ့် အမြင့် မညီတဲ့အတွက် ရပ်ကွက်ကတော့ အဲဒီနားမှာ ရေမချိုးကြဘူးလို့ သိရတယ်”လို့ ပြောပါတယ်။
ရေနစ်သေဆုံးသူက အသက် ၂၀ အရွယ် သော်ဇင်မောင်မောင် ဆိုသူ ဖြစ်ပါတယ်။ သေဆုံးသူ အလောင်းကိုတော့ ဓမ္မတာအတိုင်း သေဆုံးတာ ဟုတ်၊ မဟုတ် စစ်ဆေးနိုင်ဖို့ မုံရွာ ဆေးရုံကြီးရင်ခွဲရုံကို ပို့ဆောင်ထားကာ မုံရွာမြို့မရဲစခန်းကလည်း သေမှုသေခင်း ဖွင့်လှစ် ဆောင်ရွက်နေပါတယ်။