Homeမြန်မာသတင်း
ရွှေကျင်မြို့ ရွှေတောင်ဦးဘုရားပွဲ လောင်းကစားဝိုင်းများ အရေးယူပေးရန် ဒေသခံများ တောင်းဆို
ရွှေကျင်မြို့ ရွှေတောင်ဦးဘုရားပွဲ လောင်းကစားဝိုင်းများ အရေးယူပေးရန် ဒေသခံများ တောင်းဆို
DVB
·
March 7, 2020
ပဲခူးတိုင်းဒေသကြီး ရွှေကျင်မြို့မှာ မတ် ၅ ရက်နေ့ညက ရှေးဟောင်းသမိုင်းဝင် ရွှေတောင်ဦးဘုရားရဲ့ ဗုဒ္ဓပူဇနိယဘုရားပွဲမှာ အန်ဂလုံ လောင်းကစားဝိုင်းတွေ ထည့်သွင်း ကျင်းပနေတာ အရေးယူပေးဖို့ ဒေသခံတွေက တောင်းဆိုလိုက်ပါတယ်။
ရွှေကျင်မြို့ ရွှေတောင်ဦးဆုတောင်းပြည့်ဘုရားဟာ ရှေးဟောင်းသမိုင်းဝင်ဘုရားကြီး ဖြစ်ပြီး ခုလို ဘုရားပွဲတော်မှာ ဥပဒေနဲ့ မလွတ်ကင်းတဲ့ လောင်းကစားဝိုင်းတွေ ထည့်သွင်း ကျင်းပတာဟာ လုံးဝမဖြစ်သင့်တဲ့ ကိစ္စတခုပဲလို့ ဒေသခံ ဦးခင်လှက ပြောပါတယ်။
"ညကစပြီး ဘုရားပွဲမှာ (အန်ဂလုံ) အလောင်းကစားမျိုး ရှစ်ဝိုင်း ပါတယ်။ ဘုရားပွဲမှာ လောင်းကစား ထည့်သွင်းကျင်းပတော့ မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်မှာလည်းစိုးတယ်၊ ပွဲလာသူတွေအတွက်လည်း အော်ဟစ်ဆဲဆိုနေကြတော့ စိတ်အနှောင့်အယှက်ဖြစ်ရတယ်၊ ဒါကို သက်ဆိုင်ရာက ဘာကြောင့် အရေးမယူတာလဲ။"
မနှစ်က ဘုရားပွဲမှာ သိန်းငါးဆယ်လောက် ရှုံးတာကြောင့် ကိုယ့်အထက်အဖွဲ့တွေနဲ့ ညှိနှိုင်းပြီး တောင်းခေါက်ဝိုင်း လေး၊ ငါး၊ ခြောက်ဝိုင်းလုပ်ဖို့ ခွင့်ပြုလိုက်တာလို့ ရွှေတောင်ဦးဘုရားဂေါပက ဒုတိယဥက္ကဋ္ဌ ဦးကျော်တိုးက ပြောပါတယ်။
“အားလုံး ရှစ်ဝိုင်းပါ၊ ကြီးကြပ်ခိုင်းထားတယ်၊ ကြီးကြပ်တဲ့ အဖွဲ့တခုရှိပါတယ်။ အဲဒါလေးတွေကို ပိုက်ဆံကောက်ဖို့ပေါ့လေ၊ ပွဲက မနှစ်က နှစ်ရက်ဆို သိန်းနှစ်ဆယ်လောက် ရှုံးထားပြီး အဲဒါလေးတွေ ပေးဆပ်ဖို့ပေါ့လေ၊ စာရင်းဇယားလုပ်ပြီး ကောက်ဖို့တော့ ခိုင်းထားတယ်။”
ဘုရားပွဲမှာ အန်ဂလုံဝိုင်းတွေ ပြုလုပ်ပါက ဖမ်းဆီးသွားမယ်လို့ ရွှေကျင်မြို့မှ စခန်းမှူး ဒုရဲမှူး ကျော်လွင်ဦးက ပြောပါတယ်။
ရွှေကျင်မြို့ ရှေးဟောင်းသမိုင်းဝင် ရွှေတောင်ဦးဆုတောင်းပြည့် စေတီတော်မြတ်ကြီးရဲ့ ဗုဒ္ဓပူဇနိယဘုရားပွဲကို ကျင်းပလာတာ သုံးဆယ့်ငါးနှစ်ပြည့်ခဲ့ပြီဖြစ်ပြီ ဒီနှစ်မှာ ဘုရားပွဲကို တပေါင်းလဆန်း ၈ ရက်နေ့မှ တပေါင်းလပြည့်ကျော် ၁ ရက်နေ့အထိ ကျင်းပနေတာ ဖြစ်ပါတယ်။
ခုလို သမိုင်းဝင်ရှေးဟောင်းသမိုင်းဝင် ရွှေတောင်ဦးဆုတောင်းပြည့် ဘုရားပွဲမှာ လောင်းကစားဝိုင်းတွေ ပြုလုပ်နေတာနဲ့ပတ်သက်ပြီး တာဝန်ရှိသူတွေအနေနဲ့ ထိရောက်စွာ အရေးယူပေးဖို့ ဒေသခံတွေက လိုလားနေကြပါတယ်။
နေလင်းထိုက်