ငပုတောတွင် တောဆင်ရိုင်း ၁ ကောင်ကို ပုပ်ပွသေဆုံးလျက် တွေ့ရှိ
DVB
·
March 5, 2020
ဧရာဝတီတိုင်း၊ ငပုတောမြို့နယ်ထဲက မြစ်တရာကြိုးဝိုင်းအတွင်းမှာ မတ် ၄ ရက်နေ့ နေ့လယ်ပိုင်းက တောဆင်ရိုင်း ၁ ကောင်သေဆုံးနေတာ တွေရှိခဲ့တယ်လို့ တင်ချောင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးကျော်မြင့်ထွန်းက ပြောပါတယ်။
"သေနေတဲ့ဆင်က အသက် ၃၈ နှစ်လောက်ရှိတဲ့ ဟိုင်းဆင်ပါ၊ ပြင်ပဒဏ်ရာတွေတော့ မတွေ့ရဘူး၊ အသေးစိတ်ကိုတော့ သက်ဆိုင်ရာတာဝန်ရှိသူတွေက စစ်ဆေးနေပါပြီ။"
သေဆုံးနေတဲ့ တောဆင်ရိုင်းကို မြစ်တရာသစ်တောကြိုးဝိုင်း အကွက်အမှတ် ၂၈၈ လှည်းဆိပ်ကျေးရွာရဲ့ အနောက်ဘက် ၃ မိုင်အကွာ ဒေသအခေါ် သဲကလေးတောင်ပေါ် စမ်းချောင်းဖျားအနားမှာ သစ်တောဌာန၊ ရဲတပ်ဖွဲ့နဲ့ တောဆင်ရိုင်းထိန်းသိမ်းကာကွယ်ရေးအဖွဲ့က တာဝန်ရှိသူတွေ ပူးပေါင်းပြီး တောအတွင်းလှည့်ကင်းဆောင်ရွက်ချိန် တွေ့ရှိခဲ့တာလို့ ပူးပေါင်းအဖွဲ့ဝင်တဦးက ဒီဗွီဘီကိုပြောပါတယ်။
"ပူးပေါင်းအဖွဲ့က သွားကြည့်တော့ ဆင်က ပုပ်ပွနေပြီ။ သစ်တောဦးစီးဌာနက ဆင်ဆရာဝန်ကတော့ လွန်ခဲ့တဲ့ ၁ ပတ်လောက်က အဆိပ်ရှိတဲ့ အကောင်အကိုက်ခံရလို့ သေဆုံးခဲ့တာလို့ ယူဆတယ်ပြောတယ်၊ ဆင်ကတော့ အထီးပါ။"
အဆိပ်ရှိအကောင် အကိုက်ခံရပြီး သေဆုံးခဲ့တဲ့ တောဆင်ရိုင်းဟာ အသက် ၃၈ နှစ်အရွယ်ဖြစ်ပြီး လုံးပတ် ၁၃ ပေ၊ အလျား ၈ ပေ၊ အမြင့် ၈ ပေရှိတဲ့ ဟိုင်းဆင်ဖြစ်ပြီး ဆင်သေကို မီးရှို့ဖျက်ဆီးဖို့ ငပုတောမြို့နယ်သစ်တောဦးစီးဌာနကို တင်ပြထားတယ်လို့ ဆိုပါတယ်။
ဧရာဝတီတိုင်းမှာ ၂၀၁၉ ခုနှစ်အတွင်း တောဆင်ရိုင်း ၄ ကောင် ဆင်မုဆိုးတွေ သတ်တာကို ခံခဲ့ရပြီး တောဆင်ရိုင် ၂ ကောင်ကတော့ ကျန်မာရေးမကောင်းလို့ ဓမ္မတာအတိုင်းသေဆုံးခဲ့တာမျိုး ရှိတယ်လို့ တိုင်းရဲတပ်ဖွဲ့မှူးရုံးရဲ့ မှတ်တမ်းတွေအရ သိရပါတယ်။
သတင်း - မင်းထက်မုန်း (ပုသိမ်)