Homeမြန်မာသတင်း
ရွာသာယာရွာ တည်ထောင်ခြင်း ၂၅ နှစ်ပြည့်ပွဲတွင် စားသုံးရန်မသင့်သည့် စားသောက်ကုန်များ တွေ့ရှိ
ရွာသာယာရွာ တည်ထောင်ခြင်း ၂၅ နှစ်ပြည့်ပွဲတွင် စားသုံးရန်မသင့်သည့် စားသောက်ကုန်များ တွေ့ရှိ
DVB
·
March 2, 2020
အင်းတော်မြို့နယ် ရွာသာယာကျေးရွာတည်ထောင်ခြင်း ၂၅ နှစ်ပြည့်ပွဲမှာ ဈေးဆိုင်တန်းတွေကို ကသာခရိုင် စားသုံးသူရေးရာဦးစီးဌာနနဲ့ တာဝန်ရှိသူတွေ ဝင်ရောက်စစ်ဆေးရာမှာ စားသုံးရန်မသင့်တဲ့ စားသောက်ကုန်တွေ တွေ့ရှိခဲ့ပြီး မီးရှို့ဖျက်ဆီးသွားမယ်လို့ သိရပါတယ်။
စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ အင်းတော်မြို့နယ် မော်တိတ်ကျေးရွာအုပ်စု ရွာသာယာကျေးရွာ မဟာရွှေမော်ဆုတောင်းပြည့်စေတီတော်ကြီးရဲ့ အရန်စေတီ ရှစ်ဆူ ထီးတော်တင်မင်္ဂလာနဲ့ ရွာသာယာတည်ထောင်ခြင်း နှစ် ၂၅ နှစ်ပြည့်ပွဲတော်ကို မတ် ၁ ရက်ကနေ ၃ ရက်နေ့ထိ ကျင်းပနေတာပါ။
အဆိုပါပွဲတော်မှာ စျေး ဆိုင်ခန်းပေါင်း ၂၀၀ ကျော်ရှိပြီး စားသောက်ကုန်ပစ္စည်းတွေ အများအပြားရောင်းချနေတဲ့အတွက် ကျန်းမာရေးနဲ့ ညီညွတ်ပြီး သန့်ရှင်းလတ်ဆတ်ဘေးအန္တရာယ်ကင်းစေမယ့် စားသောက် ကုန်များရောင်းချစေဖို့ ကသာခရိုင် စားသုံးသူရေးရာဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဆောင်ပြီး အင်းတော်မြို့နယ် စားသုံးသူရေးရာတာဝန်ရှိသူတွေ၊ နယ်မြေခံရဲတပ်ဖွဲ့၊ မီးသတ်၊ ပြည်သူ့စစ်၊ ကျန်းမာရေးတာဝန်ရှိသူတွေနဲ့ ကျေးရွာတာဝန်ရှိသူ ပူးပေါင်းစစ်ဆေးခဲ့တာလို့ သိရပါတယ်။
စစ်ဆေးရာမှာ ရက်လွန်နေသည့် အချိုရည်ဘူး ၁၁ မျိုး၊ ငါးပိထောင်းထုပ်တွေ၊ ဂျယ်လီမျိုးစုံ စုစုပေါင်းတန်ဖိုး ၆၉၀၀၀ ကျပ်ဖိုး သိမ်းဆည်း ရရှိခဲ့ပြီး မီးရှို့ဖျက်ဆီးသွားမယ်လို့ သိရပါတယ်။