ကိုရိုနာဗိုင်းရပ်စ်ကြောင့် ထိုင်းခရီးသွားဧည့်လမ်းညွှန် ၁ သောင်းကျော် အလုပ်လက်မဲ့ဖြစ်
DVB
·
March 1, 2020
လတ်တလောဖြစ်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်စ် ပြင်းထန်အဆုတ်ရောင်ရောဂါပိုး ကူးစက်မှု ဂယက်ကြောင့် ထိုင်းခရီးသွားဧည့်လမ်းညွှန်အလုပ် လုပ်ကိုင်သူတွေ ၁ သောင်းကျော် အလုပ်လက်မဲ့ ဖြစ်နေရတယ်လို့ sanook.com ထိုင်းသတင်းမှာ ဖော်ပြပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုဂယက်ကြောင့် ခရီးသွားလုပ်ငန်းကို ထိခိုက်မှုရှိကြောင်း၊ အထူးသဖြင့် တရုတ်နိုင်ငံကလာမယ့် ခရီးသွားဧည့်သည်တွေဟာ ထိုင်းကို လာရောက်လည်ပတ်ဖို့ရှိတဲ့ ခရီးစဉ်တွေ ဖျက်သိမ်းခဲ့ပြီး နိုင်ငံခြားခရီးသွားဧည့်သည်လည်း အလာကျဲသွားလို့ ဧည့်လမ်းညွှန်တွေ အလုပ်မရှိ ဝင်ငွေမရှိ ဖြစ်နေရတာလို့ ထိုင်းနိုင်ငံ ဧည့်လမ်းညွှန်များအသင်းဥက္ကဋ္ဌ နိုင်းဝိရို့သ ဆစ်ပထစ်နွန်းက ပြောပါတယ်။
ဒါကြောင့် အသင်းသားတွေရဲ့ လောလောဆယ် ကြုံတွေ့နေရတဲ့ စားဝတ်နေရေး အခက်အခဲကို အစိုးရအနေနဲ့ ကူညီဖြေရှင်းပေးဖို့ တောင်းဆိုလိုကြောင်း နိုင်းဝိရို့သ်က ဆက်ပြောပါတယ်။
အဲဒါကတော့ ထိုင်းနိုင်ငံ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းနဲ့ အားကစားဝန်ကြီးဌာနအနေနဲ့ ခရီးသွားဧည့်လမ်းညွှန် အရည်အသွေးမြှင့်တင်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတရပ် ကျင်းပပြီး ဆွေးနွေးပွဲ တက်ရောက်သူများအတွက် ခရီးစရိတ်၊ စားစရိတ်နဲ့ နေ့တွက်တွေပါ ထုတ်ပေးဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။
အဆိုပါဆွေးနွေးပွဲမှာ နိုင်ငံခြားခရီးသွားဧည့်သည်တွေနဲ့ ပြောဆိုဆက်ဆံရသူ ဧည့်လမ်းညွှန်တွေအနေနဲ့ နှာခေါင်းစည်စွပ်ခြင်း၊ လက်ကို ပိုးသတ်ဆေးဂျယ်လီနဲ့ သုတ်ခြင်း အစရှိတဲ့ မိမိကိုယ်မိမိရောဂါ မကူးစက်အောင် ကာကွယ်နည်းလမ်းတွေပါ ပို့ချသင်ကြားပြီး ခရီးသွားဧည့်သည်တွေနဲ့ တဦးချင်းအလိုက် ဝန်ဆောင်ပေးခြင်းတွေ မလုပ်ရဖို့လည်း စည်းကမ်းသတ်မှတ်ထားသင့်တယ်လို့ နိုင်းဝိရို့သ်က ပြောသွားပါတယ်။