Home
မြန်မာသတင်း
မင်းပြားမြို့တွင်ပစ်ခတ်မှုဖြစ်ပြီး အမျိုးသမီး၁ ဦးသေ၊ ကလေးများအပါအဝင် ၅ ဦးဒဏ်ရာရ
ဝဏ္ဏခွာညို
·
February 28, 2020
87781551_1006800013009339_3825029858715500544_n
ရခိုင်ပြည်နယ် မင်းပြားမြို့မှာ တပ်မတော်နဲ့ အေအေတို့အကြား ပစ်ခတ်မှုဖြစ်လို့ အရပ်သား အမျိုးသမီး ၁ ဦးသေဆုံးပြီး ၅ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ မင်းပြားမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ဒေသခံကတွေက ပြောပါတယ်။ ဖေဖော်ဝါရီ ၂၈ ရက် မနက် ၂ နာရီလောက်မှာ  မင်းပြားမြို့နဲ့ မနီးမဝေးမှာရှိနေတဲ့ ကြပ်စင်တံတားကနေ ပစ်ခတ်လိုက်တဲ့လက်နက်ကြီးကျည်တွေကြောင့်  မင်းပြားမြို့ထဲက အမျိုးသမီးတဦးသေဆုံးခဲ့ပြီး၊ ကလေးနှစ်ဦးဒဏ်ရာရရှိသွားတယ်လို့ မင်းပြားမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးလှသိန်းအောင်က ဒီဗွီဘီကိုပြောပါတယ်။ “ဒီကနေ့ မနက်ပိုင်းလာတဲ့ရေတပ်သင်္ဘောကို တဘက်ကနေ လှမ်းပစ်တယ်။ အဲ့ဒီမှာအပြန်အလှန်ပစ်ခတ်မှုဖြစ်ကြတယ်။ အဲ့ဒီမှာ မင်းဘာကြီးလမ်း မြေပုံ- မင်းပြားသွား ကားလမ်းမ မင်းဘာကြီးရပ်ကွက်က လက်နက်ကျပြီးတော့ အမျိုးသမီးတဦးသေတယ်။ ပြီးတော့ ၅ ယောက်ဒဏ်ရာရတယ်။” ဒါ့အပြင် မင်းပြားမြို့နယ်၊ ကင်းဆိပ်အုပ်စု၊ သူဌေးကုန်း ကျေးရွာမှာလည်း လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့တာကြောင့် အသက် ၄၀ ကျော် အမျိုးသားတဦး အပြင်းအထန်ဒဏ်ရာရပြီး မင်းပြားဆေးရုံမှာ အရေးပေါ်ကုသနေရတယ်လို့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်  ဦးလှသိန်းအောင်က ပြောပါတယ်။ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော်အေအေတို့ ပစ်ခတ်မှုဖြစ်ပွားတဲ့နေရာက မင်းပြားမြို့နဲ့ အနီးဆုံးနေရာတခုဖြစ်တဲ့ ကြပ်စင်တံတားအနားမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး တပ်မတော် (ရေ) ရေယာဉ် တစီးလည်းလက်နက်ကြီးနဲ့ ပစ်ခတ်ခံရလို့ မီးလောင်ကာ   နှစ်စီးပျက်စီးနေတာ ကိုတွေ့ရတယ်လို့ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ မျက်မြင်ဒေသခံတွေကပြောပါတယ်။ မင်းပြားမြို့မှာ လျှစ်စစ်ပစ္စည်းရောင်းအဝယ်လုပ်နေတဲ့ ဆိုင်ပိုင်ပိုင်ရှင် ကိုမင်းမျိုးထွန်းက ”လောလောဆယ်မှာတော့ မြေပုံဘက်ကလာတဲ့ ခရီးသည်တွေ၊ စျေးဝယ်လာတဲ့သူတွေကတော့ မလာရဲတော့ဘူး။ ကားတွေကလည်း အဲ့ဒီဘက်ကို မသွားရဲကြတော့ဘူး။ တပ်မတော်သားတွေက အဲဒီတံတားဘက်နေရာအနှံအပြားမှာ နေရာယူထားတာတွေ့တယ်။ သွားခွင့်လည်းမပေးဘူး။ ဒေသခံတွေက အကုန်စိုးရိမ်နေကြတယ်။ မြို့ထဲမှာပစ်သွားတာကို”လို့ ပြောပါတယ်။ ဒီမနက် မင်းပြားမြို့က ပစ်ခတ်မှုနဲ့ပတ်သက်လို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီးဝင်းဇော်ဦးကို ဖုန်းဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့သလို ရက္ခိုင့်တပ်တော်အေအေဘက်ကိုလည်း ဆက်သွယ်လို့ မရခဲ့ပါဘူး။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024