Home
မြန်မာသတင်း
ဖူးကက်တွင် မြန်မာလုပ်သားများလိုက်ပါလာသည့်  ငါးဖမ်းစက်လှေနစ်မြှုပ်၊ ၁ ဦးပျောက်ဆုံးနေ 
DVB
·
February 27, 2020
87291219_625780794654427_6890248572197928960_o
ထိုင်းတောင်ပိုင်း ဖူးကက်ခရိုင် ပင်လယ်ထဲမှာ ယမန်နေ့က မြန်မာအလုပ်သမား ၆ ဦး နဲ့ ထိုင်း ၁ ဦးပါတဲ့ ငါးဖမ်းလှေတစ်စီး နစ်မြှုပ်သွားခဲ့ပြီး မြန်မာလုပ်သား ၁ ဦးပျောက်ဆုံးနေပါတယ်။  ဖူးကက်ခရိုင် ရာချာနွဲ့ကျွန်းစုအနီးမှာ ဖေဖော်ဝါရီ ၂၆ ရက် နေ့ခင်းပိုင်းက ငါးဖမ်းလှေတစ်စီး ပင်လယ်ထဲနစ်မြှုပ်သွားကြောင်း သတင်းရရှိတဲ့အတွက် ကယ်ဆယ်ရေးသင်္ဘောတွေ သွားရောက်ကူညီပေးခဲ့တယ်လို့ အမှတ် ၃ ရေတပ် - တပ်မှူး  ဗိုလ်မှူး ချိန်းချိုင်းချူမ်းချိန်းဖတ်က သတင်းထောက်တွေကို ပြောပါတယ်။  နစ်မြှုပ်သွားတဲ့ ကောင်ဝပ်ထနာ ၅၄ အမည်ရှိ ငါးဖမ်းလှေဟာ ရာချာနွဲ့ကျွန်းနဲ့ ၂ ကီလိုမီတာ ကျော်မှာ နစ်မြှုပ်သွားတာဖြစ်ကြောင်း၊ မြှုပ်သွားတဲ့လှေထဲ ပါသွားတဲ့သူတွေ ပင်လယ်ထဲ ကူးခတ်နေစဉ် လှေငယ်တွေနဲ့ သွားကယ်ခဲ့ပြီး  ပျောက်ဆုံးနေတဲ့ တဦးကို မွန်းလွဲ ၁ နာရီမှာ တကြိမ်၊ ညနေ ၂ နာရီခွဲမှာ တကြိမ်၊ ၃ နာရီခွဲမှ ၄ နာရီခွဲထိ တကြိမ်ကြိုးစားရှာဖွေပေမယ့် မတွေ့ခဲ့ဘဲ နစ်မြှုပ်လှေထဲက အပိုင်းအစတွေ၊ ရေထဲမျောနေတဲ့ စက်ဆီတွေကိုသာ တွေ့ရတယ်လို့ ကယ်ဆယ်ရေးအဖွဲ့က ပြောပါတယ်။  ငါးဖမ်းစက်လှေဟာ ပင်လယ်ထဲမှာ စက်ချို့ယွင်းပြီး လှေဝမ်းထဲကို ရေတွေဝင်ရောက်လာခဲ့ကြောင်း၊ ရေစုတ်စက်ကလည်းဝင်လာတဲ့ ရေတွေကို မစုတ်ထုတ်နိုင်တော့ဘဲ ရေထဲထိုးနစ်သွားခဲ့တာလို့ အသက်ဘေးက လွတ်မြောက်လာသူတွေပြောပြချက်အရ အသိရပါတယ်။ နောက်တော့ လှေပေါ်ပါသူတွေအားလုံး စက်လှေကို စွန့်ပြီး ရေထဲခုန်ချကာ ရာချာကျွန်းဆီကူးခတ်လာခဲ့ကြောင်း၊ ကံအားလျော်စွာ လှေတစ်စီးဖြတ်လာတဲ့အတွက် အကူအညီတောင်းခဲ့ကြပြီး မြန်မာလုပ်သား ၁ ဦးကတော့ လှေဝမ်းထဲကျန်နေတဲ့ ပစ္စည်းကို သွားယူစဉ် ပျောက်ဆုံးသွားတာလို့ ဆိုပါတယ်။  ပျောက်ဆုံးသူမြန်မာလှေလုပ်သား ဘယ်သူဘယ်ဝါဆိုတာကိုတော့ သတင်းမှာဖော်ပြခြင်း မရှိဘဲ ဖေဖော်ဝါရီ ၂၇ ရက်နေ့မှာ သူ့ကို ဆက်လက်ရှာဖွေနေပါတယ်။  ကိုးကား - ဖူးကက်သတင်း
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024